ပုဏ္ဏားကျွန်းမြို့နယ်၌ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့် အခြေခံသမဝါယမအသင်းများအား သွင်းအားစုစရိတ် ထောက်ပံ့ငွေပေးအပ်ပွဲကျင်းပ

ပုဏ္ဏားကျွန်း အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေဖြင့် ရယူဆောင်ရွက်မည့် အခြေခံသမဝါယမအသင်းသား တောင်သူများအား သွင်းအားစုစရိတ် ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီက ပုဏ္ဏားကျွန်းမြို့နယ် သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်စီမံကိန်းကြီးကြပ်မှုကော်မတီ ဥက္က ဦးမောင်စံဝင်းက အဖွင့်အမှာစကားပြောကြားပြီး၊  မြို့နယ်သမဝါယမဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဌေးဇော်အောင်က အရင်းမပျောက်နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်မည့် စီမံကိန်း ကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သမဝါယမကဏ္ဍ နိုင်ငံ့စီးပွားမြှင့်တင်ရန်ပုံငွေဖြင့် သွင်းအားစု စိုက်ပျိုးမည့် အခြေခံသမဝါယမအသင်း(၆)သင်းသို့ စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကနှင့်အဖွဲ့ဝင်များက သွင်းအားစု မတည်ရန်ပုံငွေများအား ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အဆိုပါရန်ပုံငွေများလွှဲပြောင်းပေးအပ်ရာတွင် နာရီကန်ကျေးရွာ ရှေ့ဆောင်သမဝါယမအသင်း၊ နတ်ဆိပ်ကျေးရွာ ရွှေဝါရောင်သမဝါယမအသင်း၊ တန်းစွယ်ကျေးရွာ မြတ်စွယ်တော် သမဝါယမ အသင်း၊ သဲတက်ကျေးရွာ ဂစ္ဆပရွှေဝါ သမဝါယမအသင်း၊ င/ပြောက်ဆည်ကျေးရွာ မြရတနာ သမဝါယမအသင်းနှင့်ကွန်းတောင်ကျေးရွာ ရွှေမြေသမဝါယမအသင်းများသို့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အရင်းမပျောက်  မတည်ရန်ပုံငွေ ကျပ်သန်း ၁၀၀ တိတိကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း မြို့နယ်သမဝါယမဦးစီးဌာနမှ သိရသည်။    

နီထွန်းအောင်(ပြန်/ဆက်)