မောင်တော အောက်တိုဘာ ၂၄
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ် ၃ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က သာသနာတော်နှစ် ၂၅၆၇ ခု၊ ကောဇာ သက္ကရာဇ်-၁၃၈၅ခု၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်မည့် ဂိုဏ်းပေါင်းစုံ သံဃာ့ပဝါရဏ ပွဲတော်ကြီးနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပပြုလုပ်မည့်ဖြစ်သဖြင့် ဌာနဆိုင်ရာများနှင့် စေတနာရှင်ပြည်သူများက ဆရာတော် အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေး အတွက် ကြိုတင်စီမံဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးအတွက် လိုအပ်သော အခမ်းအနားပြင်ဆင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မောင်တောမြို့နယ်ဦးစီးမှူးရုံးမှ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူလျက်ရှိရာ ဌာနဆိုင်ရာများအား ဦးစားပေးအလိုက် ကောက်ခံဆောင်ရွက်မည့်ဖြစ်သဖြင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးကြရန်လိုကြောင်းစသည့်တို့ကို ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော မြို့နယ်အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများက လုပ်ဆောင်မည့် လုပ်ငန်းတာဝန်များအား အသီးသီးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်(ခရိုင်ပြန်/ဆက်)