ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆေးကုသရေးအဖွဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ ကွင်းဆင်း ဆေးကုသမှုများ ဆောင်ရွက်ခြင်းနှင့် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသော အသက်(၁)နှစ်မှ (၅)နှစ်အရွယ် ကလေးငယ်များကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

စစ်တွေ အောက်တိုဘာ

ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားများ၏ အခြေခံလူမှုစီးပွားဘဝများတိုးတက်စေရန်အတွက် လူတိုင်းကျန်းမာရေးကောင်းမွန်စေရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများတိုးတက်အောင် ဆောင်ရွက်ရာတွင် နိုင်ငံတကာအဆင့်မီကုသမှုများရရှိနိုင်စေရေး ဆေးရုံများအဆင့်မြှင့်တင်ခြင်း၊ ခေတ်မီစက်ပစ္စည်းများ ဖြည့်ဆည်းခြင်း၊ အထူးကုဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ဆေးပညာရှင်များ လေ့ကျင့်မွေးထုတ်ခြင်း၊ အထူးကု ပြင်ပလူနာဌာနများ တိုးချဲ့ဖွင့်လှစ်ခြင်းတို့ ဆောင်ရွက်နေသကဲ့သို့ အဆိုပါ အထူးကုဘာသာရပ်ဆိုင်ရာ ကုသမှုများကို နိုင်ငံသားများအားလုံး လက်လှမ်းမီရရှိနိုင်ရေးအတွက် အထူးကုသမှုလိုအပ်သော ပြည်သူများအနေဖြင့် သက်ဆိုင်ရာပါမောက္ခ၊ အထူးကုဆရာဝန် ကြီးများနှင့်တွေ့ဆုံ၍ လိုအပ်သော ကုသမှုများရရှိနိုင်စေရန် ရန်ကုန်/မန္တလေးမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ ပါဝင်သည့်အထူးကု ဆေးကုသရေးအဖွဲ့များဖြင့် တိုင်းဒေသကြီး/ပြည်နယ်များသို့ ကွင်းဆင်းကုသမှုအစီအစဉ်များ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့နှင့် အောက်တိုဘာလ (၂၂)ရက်နေ့တို့တွင် မြောက်ဥက္ကလာ ပြည်သူ့ဆေးရုံကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီး၊ သင်္ဃကျွန်းပြည်သူ့ဆေးရုံကြီးနှင့် ခုတင် (၅၅၀)ဆံ့ ကလေးဆေးရုံကြီးမှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ သွားရောက်၍ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအား ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။

အောက်တိုဘာလ ၂၁ ရက်နေ့တွင် ဆေးကုသရေးအဖွဲ့သည် နှလုံးရောဂါဆိုင်ရာလူနာ(၆၃)ဦး၊ ဦးနှောက်နှင့်အာရုံကြောရောဂါဆိုင်ရာ လူနာ(၅၃)ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆိုင်ရာ လူနာ(၄၉)ဦး၊ အထွေထွေရောဂါလူနာ (၉၈)ဦး၊ မျက်စိရောဂါလူနာ (၁၃၂)ဦး၊ ရင်ခေါင်းဆေးကုသမှုဆိုင်ရာ လူနာ(၃၇)ဦး၊  ကလေးလူနာ(နှလုံးဆေးကု)(၃၀)ဦး စုစုပေါင်းဒေသခံပြည်သူ(၆၄၄)ဦးတို့ကို ကြည့်ရှုကုသမှုပေးနိုင်ခဲ့ပြီး လာရောက်ပြသသော လူနာများတွင် စစ်တွေမြို့သာမက ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝ စသည့် မြို့နယ်ပေါင်း (၁၁)မြို့နယ်မှ မြို့ပေါ်နှင့်ကျေးလက်နေပြည်သူများလာ ရောက်ကုသမှုခံယူခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နှလုံးပုံရိပ်ဖော်စက်ဖြင့်ကြည့်ရှုခြင်း (Echocardiography) (၃၃) ဦး၊ အစာအိမ်အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (OGD scope)(၁၁)၊ အူမကြီးမှန်ပြောင်းကြည့်ရှုခြင်း Colonoscopy သုံးဦး၊ သွေးရောဂါ လူနာများအား ရိုးတွင်းခြင်ဆီစစ်ဆေးခြင်း ငါးဦး၊ ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း (CT scan)သုံး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း(၆၃)ဦး၊ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း (၆၅)ဦး၊ Ultrasound ရိုက်ကူးခြင်း (၇၉)ဦး၊ နှလုံးစက်ဖြင့် စစ်ဆေးခြင်း(ECG) (၁၄၆)ဦး၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း (၁၉)ဦး တို့ကိုလည်း စမ်းသပ်စစ်ဆေးကုသပေးနိုင်ခဲ့ပြီး မျက်စိရောဂါဆိုင်ရာခွဲစိတ်ကုသမှု (၂၀)ဦး၊ ဦးခေါင်းပြင်ပသွေးယိုစီးခြင်းအား ခွဲစိတ်ကုသခြင်း(Burr hole surgery) တစ်ဦးတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများသည်  အောက်တိုဘာလ ၂၂ ရက်နေ့တွင်လည်း ဆက်လက် ဆေးကုသမှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ရခိုင်ပြည်နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်း လုပ်ငန်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပြီး  အသက်အရွယ်အလိုက်ထိုးနှံရသည့် ကာကွယ်ဆေးများ ထိုးနှံရန်ကျန်ရှိသည့် အသက်(၁)နှစ်မှ(၅)နှစ်အရွယ် ကလေးများကို Catch-up နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ လ ၂၁နေ့နှင့် ၂၂ ရက်နေ့များတွင် စစ်တွေအထွေထွေရောဂါကုဆေးရုံကြီး ကာကွယ်ဆေးထိုးစုရပ်၌ ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ ဦးဆောင်ကြီးကြပ်မှုဖြင့် စစ်တွေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖွဲ့မှ အသက်(၁)နှစ်မှ (၅)နှစ်အတွင်း  ကာကွယ်ဆေးလုံးဝမရရှိသေးသည့် ကလေးများနှင့် ကာကွယ်ဆေးအကြိမ်ပြည့် မရရှိသေးသည့် ကလေးများ စုစုပေါင်း (၂၀၅)ဦးကို လိုအပ်သော ကာကွယ်ဆေးများဖြစ်သည့် ပိုလီယိုအစက်ချကာကွယ်ဆေး (bOPV)၊ ပိုလီယို ကာကွယ်ဆေးထိုးဆေး (IPV)၊ ဝက်သက်ဂျိုက်သိုး ရောဂါကာကွယ်ဆေး(MR)၊  ငါးမျိုးစပ်ကာကွယ်ဆေး (Penta)များ ထိုးနှံ/တိုက်ကျွေးပေးခြင်းနှင့် အသက် (၉)နှစ်မှ (၁၁)နှစ် မိန်းကလေးငယ်များ စုစုပေါင်း (၃၉)ဦးကို သားအိမ်ခေါင်းကာကွယ်ဆေး(HPV) ထိုးနှံခဲ့ရာတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အတွင်းရေးမှူးနှင့် မိခင်ကလေးနှင့်ကလေးစောင့်ရှောက်ရေးအသင်းများ  လာရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များကိုပံ့ပိုးပေးခြင်း၊ ကာကွယ်ဆေးထိုးနှံမှုခံယူနေသည့် ကလေးများအား လက်ဆောင်ပေးဝေခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)