စစ်တွေ အောက်တိုဘာ ၂၂
ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြည်နယ်အတွင်း ဒေသခံစွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရေးနှင့် ရခိုင်ပြည်နယ်၏ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ရည်ရွယ်ကျင်းပသည့် ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ် (Rakhine Economic Forum 2023) ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များ၊ ရခိုင်လူငယ်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရခိုင်ပြည်နယ်စီးပွားရေးဖိုရမ် (Rakhine Economic Forum 2023) မုခ်ဦးအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ် ဝန်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ အခမ်းအနားကို ခန်းမအတွင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယနေ့ ကျင်းပသည့်အခမ်းအနားသည် ရခိုင်ပြည်နယ်အတွင်းမှာရှိသည့် လူငယ်၊ လူရွယ်များ စီးပွားရေးကဏ္ဍတွင် အောင်မြင်စေရေး ရခိုင်ပြည်နယ်မှ နိုင်ငံကိုယ်စားပြု စီးပွားရေး လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရေး၊ စွန့်ဦး တီထွင်သူများ ပေါ်ထွန်းလာစေရေး ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် လူငယ် များသည် အနာဂတ်စီးပွားရေးကို မည်ကဲ့သို့အကောင်အထည်ဖော်ဆောင်ရွက်မည် မိမိပတ်ဝန်းကျင်နှင့် မိမိဒေသဖွံ့ဖြိုး တိုးတက်ရေးကို မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်စသည်တို့ကို ရည်မှန်းချက်ထားရှိရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ကို နောင်တချိန်တွင် ပခုံးပြောင်းတာဝန်ယူ ထမ်းဆောင်ကြမည့် ရခိုင်လူငယ်များအနေဖြင့် ရခိုင်ပြည်နယ်၏ အနာဂတ်စီးပွားရေးကို စိတ်ကူးပုံဖော်၍ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မည့် အတွေးအခေါ်၊ အစီအမံများ ပေါ်ထွက်လာစေရန်နှင့် လူငယ်များအနေဖြင့် ကြိုးပမ်းအားထုတ်ဆောင်ရွက်လို သည့် စိတ်များ ထက်သန်လာစေရန်အတွက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကဦးဆောင်ပြီး ယနေ့ ရခိုင်ပြည်နယ် စီးပွားရေးဖိုရမ် ၂၀၂၃ (Rakhine Economic Forum 2023)ကို ကျင်းပဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ ရေမြေသဘာဝနှင့် ပထဝီဝင်အနေအထားမှာ အင်မတန်မှ တန်ဖိုးကြီးမားလှသော သဘာဝ၏ လက်ဆောင်ပဲဖြစ်ကြောင်း၊ ရာသီမရွေးသွားလာနိုင်သော ကုန်လမ်းကြောင်းများ၊ လေကြောင်းလိုင်းများနှင့် ကမ်းရိုးတန်းတလျှောက်ပြည်တွင်းသွား သင်္ဘောများသွားလာနိုင်သကဲ့သို့ ရှည်လျားသော ပင်လယ်ထွက်ပေါက် ပိုင်ဆိုင်ပြီး ကမ္ဘာ့ကုန်သွယ် ရေကြောင်း ကူးသန်းသွားလာနိုင်သည့် အခြေအနေကောင်းများ ပိုင်ဆိုင်ထားပြီး လည်းဖြစ်ကြောင်း၊ ထိုကဲ့သို့အခြေအနေကောင်းများ ပိုင်ဆိုင် ထားသည့် ရခိုင်ပြည်နယ်အနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းဆောင်ရွက်ရာမှာ အခြားသော စိန်ခေါ်မှုအခက်အခဲများကို မိမိတို့၏ အခြေအနေကောင်းများနှင့် ကျော်လွှားဆောင်ရွက်နိုင်အောင် အားထုတ်ကြရမည်ဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်း သားများသည် ကိုယ်စွမ်းကိုယ်စ ပြည့်ဝစွာဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်စွမ်း ရှိသူများ ဖြစ်သည့်အတွက် ယခု တက်ရောက် လာသည့် လူငယ်များအနေဖြင့်လည်း မိမိတို့လက်ထက်တွင် ယခင်ကာလများထက် ပိုမိုသာလွန်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်ရန် သမိုင်းပေးတာဝန်ဖြစ်ကြောင်းကို သိရှိကြစေလိုကြောင်း၊ ကုန်သွယ်ကူးသန်းရောင်းဝယ်သည့်အခါ ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက် ကုန်ချောအဖြစ် ပြုလုပ်ပြီး Value Added အဖြစ်ထုတ်လုပ်တင်ပို့ ရောင်းချခြင်းသည် မိမိဒေသတွင်း အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေပြီး တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်၍ ဈေးပိုမိုရရှိနိုင်မည် ဖြစ်ကြောင်း၊ စီးပွားရေး လုပ်ငန်းဆောင်ရွက်မည့် လူငယ်များအနေဖြင့် ထိုကိစ္စများကို သိရှိနားလည်ပြီး တီထွင် ဖန်တီးထုတ်လုပ်နိုင်ရေး (MSME) လုပ်ငန်းများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရန်လိုအပ်မည် ဖြစ်ကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများကို ကြည့်မည်ဆိုလျှင် အစားအစာထုတ်လုပ်သည့် လုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်း၊ အထည်ချုပ်လုပ်ငန်း၊ သစ်နှင့်သစ်ချောထည် ထုတ်လုပ် သည့်လုပ်ငန်း၊ စက္ကူနှင့် စက္ကူထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်း၊ ရေနံမီးသွေးနှင့်သန့်စင် ပြီးရေနံစိမ်း ထုတ်လုပ်မှုလုပ်ငန်း၊ ဓာတုဗေဒပစ္စည်းနှင့် ဓာတုဗေဒ ထုတ်ကုန်များ ထုတ်လုပ်သည့်လုပ်ငန်း၊ ရာဘာနှင့် ပလတ်စတစ်ပစ္စည်းများထုတ်လုပ်သည့် လုပ်ငန်းများ ဆောင်ရွက်ကြသည်ဟုသိရကြောင်း၊ ရခိုင်ပြည်နယ်၏ အနာဂတ်စီးပွားရေးကို လေ့လာပါက စိုက်ပျိုးထုတ်လုပ်နိုင်သည့် လယ်ယာမြေဧကများရှိခြင်း၊ ငါးပုဇွန်မွေးမြူ နိုင်သည့် ရေသယံဇာတများရှိခြင်း၊ ပင်လယ်ငါးဖမ်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခြင်းစသည့် အခွင့်အလမ်းများ ရှိပြီး လူငယ်တို့၏ ကြိုးစားဆောင်ရွက် လိုစိတ်ဖြင့် ယခုထက်သာလွန်ကောင်းမွန်သော စီးပွားရေးလုပ်ငန်းများ တိုးတက်လာစေရန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ် တွင်ရှိသည့် လူငယ်များအနေဖြင့် နိုင်ငံတကာတွင် ဖွံ့ဖြိုးတိုးတက်နေသည့် အခြေအနေများကို လေးစားအားကျရုံနှင့် မပြီးဘဲ မိမိနိုင်ငံ၊ မိမိပြည်နယ်၊ မိမိတို့၏ဂုဏ် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အောင်စိတ်မွေး၍ Never Give UP ဘယ်တော့မှ လက်မလျှော့သောဇွဲဖြင့် ရခိုင်ပြည်နယ်၏ အနာဂတ်စီးပွားရေးကို အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်၍ လူငယ်စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းထွန်းနိုင် (President, We Love Rakhine၊ Chairman & Group of CEO Blue Ocean Investment Co.,Ltd) က ဆွေးနွေးဟောပြောပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဟောပြောကြမည့် ရခိုင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပညာရှင်များ၊ စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးကြမည့် ပုဂ္ဂိုလ်များက စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခန်းမအတွင်းနှင့် ခိုင်သဇင်ပန်းခြံအတွင်း ခင်းကျင်းပြသထားသည့် စာအုပ်ပြခန်းများ၊ စာအုပ်အရောင်းဆိုင်များ၊ IT နှင့် သက်ဆိုင်သောပစ္စည်းများ၊ Branded အဝတ်အထည်များ၊ အလုပ်အကိုင်အခွင့်အလမ်းများ၊ ပညာရေး ဝန်ဆောင်မှုများ၊ စီးပွားရေးဆိုင်ရာပြခန်းများ၊ အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများအား ခင်းကျင်းပြသရောင်းချနေမှုကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
ထို့နောက် လူငယ်စီးပွားရေးလုပ်ငန်းရှင် ဦးထွန်းထွန်းနိုင်နှင့်အတူ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ အမျိုးသမီးလုပ်ငန်းရှင်များ၊ လူငယ် စီးပွားရေးလုပ်ငန်းရှင်များက “စွန့်ဦးတီထွင်လူငယ် လုပ်ငန်းရှင်တစ်ဦး” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးကြသည်။
နေ့လယ်ပိုင်းတွင် စီးပွားရေးပညာရှင် ဦးတင်ဇံကျော်က ဆွေးနွေးဟောပြောပြီး ရခိုင်ပြည်နယ်၏ အနာဂတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် “လူငယ်နှင့်အနာဂတ်စီးပွားရေးလမ်းကြောင်း” “ရခိုင်ပြည်နယ်၏ အနာဂတ်စီးပွားရေးလမ်းကြောင်း” စီးပွားရေးပညာရှင်များ၊ လူငယ် စီးပွားရေးလုပ်ငန်းရှင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများက စကားဝိုင်း ဆွေးနွေးကြကာ လှမ်းခဲ့ပါလေ ရခိုင်မြေ Video Clip အားပြသ၍ လူငယ်အမျိုးသမီး IT ပညာရှင် ဒေါ်ပန်းအိဖြူက သတင်းအချက်အလက်နည်းပညာခေတ်၏ စီးပွားရေး အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်၍ ဟောပြောခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)