ပုဏ္ဏားကျွန်းမြို့၌ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးအတွက် စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

ပုဏ္ဏားကျွန်း အောက်တိုဘာ ၂၂

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၌ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူတို့က ယမန်နေ့၊ နေလယ်ပိုင်းတွင် စစ်တွေ-ရန်ကုန် ကားလမ်းဘေးရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်သန်းထွန်းနှင့် တာဝန်ရှိသူတို့က စစ်တွေ-ရန်ကုန် ကားလမ်းဘေးရှိ စားသုံးဆီအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေးနှင့် မီးလောင်ကျွမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် မီးသတ်ဦးစီးဌာနမှ ထုတ်ပြန်ထားသော မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲအိတ်နှင့် မီးသတ် ဆေးဗူးစသည့် မီးဘေးကာကွယ်ရေးပစ္စည်းများ အသင့်ထားရှိမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး၊ ဆီဖြည့်စဉ် မီးလောင်ကျွမ်းမှု မဖြစ်ပေါ်စေရေးအတွက် ဆီပင့်များ၊ ဆီဖြည့်ခလုပ်များအား နေ့စဉ် စစ်ဆေးပေးကြရန် ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)