ဂွမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အရင်းမပျောက် မတည်ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပွဲ ကျင်းပ

ဂွ    အောက်တိုဘာ   ၂၀

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် ငါးကဏ္ဍနှင့် သမဝါယမကဏ္ဍဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးဆိုင်ရာ မတည်ရန်ပုံငွေများ   လွှဲပြောင်းပေးအပ်ပွဲ  အခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇာနည်ကျော်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးခင်မောင်ရီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်  ငါးလုပ်ငန်းဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် အရင်းမပျောက် မတည်ရန်ပုံငွေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဆွေဆွေဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်  သမဝါယမဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်မည့် အရင်းမပျောက် မတည်ရန်ပုံငွေနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ငါးကဏ္ဍ နိုင်ငံ့စီးပွားမြှင့်တင်ရေးဆိုင်ရာမတည်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်  ကြွေချိုင်ကျေးရွာနှင့် မကျေးငူကျေးရွာအဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီများသို့ တစ်ရွာလျှင်   သိန်း (၆၀၀) ကျပ်စီအားလည်းကောင်း၊  သမဝါယမကဏ္ဍ နိုင်ငံ့စီးပွားမြှင့်တင်ရေးဆိုင်ရာ မတည်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်  သိန်း(၂၄၀)ကျပ်အား ဆပ်သွား လယ်ယာနှင့်အထွေထွေ စီးပွားရေးသမဝါယမလီမိတက်နှင့် သိန်း(၁၂၀)ကျပ်အားတောင်ပေါက် လယ်ယာနှင့်အထွေထွေ စီးပွားရေးသမဝါယမလီမိတက်ကျေးရွာအဆင့် စီမံကိန်းကြီးကြပ်မှုကော်မတီများသို့လည်းကောင်း မြို့နယ်အဆင့်စီမံကိန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မတည်ရန်ပုံငွေများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်းသိရသည်။

ရွှေရည်ဝင်းကျော်