ညောင်ရွှေ အောက်တိုဘာ ၁၉
မီးခိုးမြူငွေ့ကင်းစင်သော ထာဝစဉ်တည်တံ့စေသည့် လယ်ယာမြေစီမံအုပ်ချုပ်မှု မြှင့်တင်စေရန် ရည်ရွယ်ချက်ဖြင့် ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သစ်တောသယံဇာတနှင့် ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအသင်း (FREDA) တို့ ပူးပေါင်းဆောင်ရွက်သည့် သစ်ဆွေးမြေဘက်စုံ မီးကာကွယ်ရေး စီမံချက်သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ် ညောင်ရွှေမြို့ Grand Inle Hotel ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဌေးက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး သစ်တောသယံဇာတနှင့်ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(FREDA)ဥက္ကဌ ဦးစန်းလွင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားတက်ရောက်လာသူများနှင့် သင်တန်းသားများ အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ အဆိုပါသင်တန်းတွင် သစ်ဆွေးမြေဒေသ အခြေခံအချက်အလက်များ၊ ပြည်သူများပါဝင်သော ဘက်စုံမီးကာကွယ်ခြင်း စီမံခန့်ခွဲမှု၊ အာဆီယံဒေသ သစ်ဆွေးမြေ စီမံခန့်ခွဲမှုလမ်းညွှန်ချက်များအစရှိသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ပတ်ဝန်းကျင်ဒေသရှိ စိုက်ပျိုးရေးတောင်သူများ တက်ရောက်ကြပြီး အောက်တိုဘာ(၂၀)ရက်နေ့တွင် မီးရှို့ခြင်းမပြုသည့် ရေရှည်တည်တံ့ခိုင်မြဲသော လယ်ယာမြေစိုက်ပျိုးရေးစနစ် မြှင့်တင်ခြင်း ခေါင်းစဉ်ဖြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သစ်တောသယံဇာတနှင့်ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးအသင်း(FREDA)မှ သိရှိရသည်။
စိုင်းအယ်ဘဲ