ဂွမြို့ ရွှေရချိုင် အလယ်တန်းကျောင်း(ခွဲ)၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပ

ဂွ အောက်တိုဘာ ၁၂

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ အခွန်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲနှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ရွှေရချိုင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို အစီအစဥ်(၂)ပိုင်းခွဲ၍ ကျင်းပပြုလုပ်ခဲ့သည်။ ပထမပိုင်းအစီအစဥ်အနေဖြင့် ရှေးဦးစွာ မြို့နယ်ရဲတပ်ဖွဲ့မှ မြို့မစခန်းမှူးဒုရဲမှူးဝင်းအောင်က မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးနှင့် ယာဥ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာ​ပေးခြင်း၊ အခွန်ဦးစီးဌာနမှ ဦးစီးအရာရှိဦးဇော်နိုင်က အခွန်(၆)မျိုးအကြောင်း အသိပညာပေးခြင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်ဝင်းက လူငယ်နှင့်အားကစားကဏ္ဍအကြောင်း အသိပညာပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ရွှေရည်ဝင်းကျော်က လူငယ်နှင့်စာဖတ်ခြင်း၏ အကျိုးကျေးဇူးအ​ကြောင်း အသိပညာပေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ ဒုတိယပိုင်းအစီအစဥ်အနေဖြင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပခဲ့ရာ မြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခိုင်မိုးမင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး ရွှေရချိုင် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှ Grade-8ကျောင်းသား မောင်လှိုင်မင်းဦးက လူငယ်နှင့်ပတ်ဝန်းကျင် ပျက်စီး​စေမှုအား ထိန်းသိမ်းကာကွယ်ခြင်း၊ Grade-9မှ ကျောင်းသူများဖြစ်သော မအိပိုပိုထက်က လူငယ်နှင့်ကျန်းမာဖွံ့ဖြိုးတိုးတက်ရေး၊ မဧကရီကျော်က စာပေမှရရှိသည့် မြန်မာစကားပုံအကြောင်း၊ မစန္ဒီမိုးမြင့်က စာဖတ်ခြင်းဖြင့်ကျန်းမာရေးမှ ရရှိသည့် အသိပညာ စသည့်ခေါင်းစဥ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြကြောင်းသိရသည်။ ထို့နောက် ရွှေရချိုင် အ.လ.က(ခွဲ) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝေမာထွန်းက လူငယ်စကားဝိုင်းအား ပူးပေါင်းဆောင်ရွက်ရသည့်အတွက် ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်အား ခင်းကျင်းပြသထားရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

ရွှေရည်ဝင်းကျော်