စစ်တွေ အောက်တိုဘာ ၁၁
စစ်တွေမြို့တော်အား အဆင့်မြှင့်တင်ရေးနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ညှိနှိုင်းအစည်းအဝေးတွင် စစ်တွေမြို့တော် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် မြေယာရှုခင်းများ ပြုပြင်ရေး လုပ်ငန်းကော်မတီ၊ မြို့တွင်းလမ်း၊ တံတားနှင့်ရေမြောင်းများ လုပ်ငန်းကော်မတီ၊ ယာဉ်ယန္တရားနှင့် လုပ်အားရရှိရေး လုပ်ငန်းကော်မတီ၊ ပန်းခြံနှင့်အားကစားကွင်းများပြင်ဆင်ရေး လုပ်ငန်းကော်မတီ၊ မြို့တော်သန့်ရှင်းသာယာရေး၊ အမှိုက်စွန့်ပစ်စနစ်များ စနစ်တကျရှိစေရေး လုပ်ငန်းကော်မတီ၊ အများပြည်သူသုံး လေဆိပ်၊ သင်္ဘောဆိပ်၊ ကားဂိတ်များစနစ်တကျရှိစေရေး လုပ်ငန်းကော်မတီနှင့် ရေကောင်းရေသန့်ရရှိရေးနှင့် ရေပေးဝေရေးစနစ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌများက မိမိတို့ကော်မတီအလိုက် ဆောင်ရွက်မည့်အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
လုပ်ငန်းကော်မတီအလိုက် တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက စစ်တွေမြို့တော်အား အဆင့်မြှင့်တင်ရေးနှင့်ပတ်သက်၍ ဦးစားပေးအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများအား ပြန်လည်ဆွေးနွေးပေးကြသည်။
ထို့နောက် စစ်တွေမြို့တော် အဆင့်မြှင့်တင်ရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက စစ်တွေမြို့တော်အဆင့်မြှင့်တင်ရေးအတွက် လုပ်ငန်းကော်မတီများတွင် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများကို တာဝန်ပေးထားသည့်အတွက် အားလုံးတက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ လုပ်ငန်းများ ဆောင်ရွက်ကြသည့်အခါတွင်လည်း ဌာနဆိုင်ရာအကြီးအကဲများသည် အတွေ့အကြုံရှိထားပြီးသူများဖြစ်သည့်အတွက် စနစ်တကျလုပ်ဆောင်ကြစေလိုကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် ထိန်းသိမ်း စောင့်ရှောက်ရမည့် တာဝန်ရှိသကဲ့သို့ စနစ်တကျဖြင့် အလေအလွင့်မရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသအကျိုးအတွက် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် လုပ်ဆောင်မည့်ငွေပမာဏအပေါ်တွင် ထိုက်တန်သည့် အကျိုးဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများစတင်ဆောင်ရွက်သည့် အချိန်တွင်လည်း မိမိအပါအဝင် ပြည်နယ်ဝန်ကြီးများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)