မောင်တော အောက်တိုဘာ ၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသက်(၇၀)နှစ်နှင့်အထက်(အငြိမ်းစား) ဆရာကြီး၊ ဆရာမကြီးများအား မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်း အစည်း အဝေးခန်းမတွင် ကျင်းပရာ မောင်တောမြို့နယ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် အငြိမ်းစား ဆရာ၊ ဆရာမကြီးများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြတ်ဆရာပူဇော်ပွဲကို ပဉ္စဂုဏံ အဟံဝန္တာမိ ၊ အာစရိယဂုဏံ အဟံဝန္တာမိ (၃)ကြိမ်ရွက်ဆိုကာ အခမ်း အနားအား ဖွင့်လှစ်ပြီး “အကျွန့်ဆရာ” သီချင်းဖြင့် ဆရာ၊ဆရာမများက ပူဇော်ဂါရဝပြုခဲ့ကြရာ ခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးတင့်က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ယူနက်စကိုညွှန်ကြားရေး မှူးချုပ်မှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသော ဆရာ၊ဆရာမ များက မြတ် ဆရာ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ပြီး အပူဇော်ခံ အသက်(၇၀) နှစ်နှင့်အထက် (အငြိမ်းစား)ဆရာကြီး၊ ဆရာမကြီး (၂၁)ဦးအား လက်ဆောင်ပစ္စည်းများနှင့် ပူဇော်ကန့်တော့လှူဒါန်းငွေ စုစုပေါင်း ၂၁ သိန်း တိတိအား အသီးသီး ပူဇော် ကန့်တော့ခဲ့ကြသည်။ ယင်းနောက်အပူဇော်ခံ ဆရာကြီး ၊ဆရာမကြီးများက ဆုံးမ ဩဝါဒ အမှတ်တရစကား ပြောကြားပြီး ဆရာ/မ များက “မြတ်ဆရာ”သီချင်း သီဆိုကာ အခမ်းအနားအား ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မတက်ရောက်နိုင်ကြသော အပူဇော်ခံ အသက်(၇၀) နှစ်နှင့်အထက် (အငြိမ်းစား) ဆရာကြီး၊ ဆရာမကြီးများကိုလည်း နေအိမ်အရောက် ဝတ္တုပစ္စည်းများနှင့် ပူဇော်ကန်တော့ငွေများကိုလည်း ဆက်လက်ကန်တော့သွား မည်ဖြစ်ကြောင်းနှင့် ဆရာ/ဆရာမများသည် ကလေးတွေ လူငယ်များ၏ လူသား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျသလို လူ့ဘောင် အဖွဲ့အစည်းမှာလည်း အနန္တော အနန္တငါးပါးမှာ ပါဝင်သည့်အတွက် ဆရာများရဲ့ ဂုဏ်ကျေးဇူးကို အောက်မေ့သတိရပြီးတော့ မြတ်ဆရာပူဇော်ပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။
သက်လွင်စိုး ၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)