မြောက်ဦး အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြောက်ဦးမြို့နယ် တိမ်ညိုကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး ဦးစန်းလွင်က မိမိတို့နေအိမ်အတွင်း ချက်ပြုတ်နေစဉ်ကာလ၌ ဆီမီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်အခြေအနေများ၊ မိမိတို့နေအိမ်အတွင်း တပ်ဆင်အသုံးပြုလျှက်ရှိသည့် လျှပ်စစ်မီးကြိုးများဆိုင်ရာ သိကောင်းစရာများ၊ လျှပ်စစ်မီးမှတဆင့် မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်အခြေအနေများ၊ ဂက်စ်အိုးဖြင့်ချက် ပြုတ်နေစဉ်ကာလအတွင်း သတိထားရမည့်အချက်များ၊ လောင်စာဆီမှတဆင့် မီးလောင်မှုဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်အခြေအနေများ၊ မီးလောင်မှုအန္တရာယ်မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်နည်းလမ်းများအကြောင်း၊ မီးသတ်ဆေးဘူးသုံးစွဲနည်းများအကြောင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် မီးချိတ်၊ မီးကတ်၊ သဲအိတ်၊ ရေအိတ်များ စနစ်တကျထားရှိပုံများ၊ ဒေသခံပြည်သူများက မီးကိုမပေါ့ဆကြရန်နှင့် မီးလောင်ပါကပစ္စည်းဆုံးရှုံးမှုသာမက အသက်အိုးအိမ်များပါ ပျက်စီးဆုံးရှုံးနိုင်ကြောင်း စသည့်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)