မာန်အောင်မြို့နယ်တွင် စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက်ကွင်းဆင်းဆောင်ရွက်

မာန်အောင် အောက်တိုဘာ ၆

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် စစ်ကြောင်း(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းဦးဆောင်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းသည် ယမန်နေ့နံနက် ၁၀ နာရီခွဲက သာယာကုန်းကျေးရွာအုပ်စုသို့သွားရောက်ပြီး သာယာကုန်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထို့သို့တွေ့ဆုံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဇော်ဟိန်းက မိမိတို့ကျေးရွာအတွင်း နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စည်းရုံးရေးကိစ္စစသည့် လိုအပ်ချက်များကို တင်ပြဆွေးနွေးနိုင်ရန်​  ​လာရောက်ကွင်းဆင်း တွေ့ဆုံခြင်းဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် စစ်ကြောင်းတွင်ပါဝင်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍  ရှင်းလင်းဆွေးနွေးပြောကြားကြပြီး ကျေးလက်နေပြည်သူများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးရေးအတွက်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)