ကျောက်ဖြူ အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မြို့နယ်ပညာရေးမိသားစုမှကြီးမှူးကျင်းပသည့် (၁၅) ကြိမ် မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်ပညာရေးမှူးနှင့် ခရိုင်ရုံးဝန်ထမ်းများ၊ တာဝန်ခံ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်ရုံးဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ် ကြီးနှင့် ဆရာဆရာမများ၊ ပူဇော်ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဆရာမများမှ မြတ်ဆရာ သီချင်းအား သီဆိုဖျော်ဖြေ၍ အခမ်းအနားဖွင့်လှစ်ပြီး ဖျော်ဖြေ ရေးအဖွဲ့မှ ဆရာဂုဏ်ကိုဖော်ကျူးသည့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြကာ ခရိုင် ပညာရေးမှူးမှ ကီးဘုတ်တီး၍ ဂုဏ်ပြုတေးသီချင်းတစ်ပုဒ်ဖြင့် သီဆိုကန်တော့ သည်။ ထို့နောက် ခရိုင်ပညာရေးမှူး ဒေါ်ညွန့်ညွန့်အေးက ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့( World Teacher Day )၏ ဆောင်ပုဒ် မှာ "ပညာ ရေးကိုမြှင့်တင်ဖို့ ဆရာအင်အားဖြည့်ဆည်းစို့" ဖြစ်ကြောင်း၊ ယခုဆောင်ပုဒ်အရ ဆရာ၊ ဆရာမ များကို ကမ္ဘာမှတန်ဖိုးထားမှုအား ဖော်ကျူးဂုဏ်ပြုထားသည့် ဆောင်ပုဒ်ဖြစ်ပြီး ကမ္ဘာ့ နေမဝင်ပညာရေး သမားများဟုလည်း တင်စားခေါ်ဝေါ်ကြပါကြောင်းနှင့် မြတ်ဆရာပူဇော်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးညီလင်းထွန်း မှ မြတ်ဆရာပူဇော်ပွဲ ဖြစ်မြောက်ရေးနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကန်တော့ခံ အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းကျပ်နှုန်းဖြင့် အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ၊ဆရာမများက ပူဇော် ကန်တော့ခဲ့ကြပြီး ကန်တော့ခံအငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများကိုယ်စား မြို့နယ်ပညာရေးမှူး (အငြိမ်းစား)ဆရာမကြီး ဒေါ်တင်တင်အုန်းမှ ဆုံးမဩဝါဒ စကား ပြောကြားသည်။
ကျောက်ဖြူမြို့နယ်၌ (၁၅) ကြိမ်မြောက် မြို့နယ်လုံးကျွတ် မြတ်ဆရာပူဇော်ပွဲတွင် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး (၁၇၈) ဦးအား တစ်ဦးလျှင် ငွေကျပ် တစ်သိန်းကျပ်နှုန်းဖြင့် စုစုပေါင်း ၁၇၈ သိန်းအား ကန့်တော့သွားမည်ဖြစ်ကာ ကန်တော့ခံမလာရောက်နိုင်သည့် ဆရာကြီး၊ ဆရာမကြီးတို့ကို ၎င်းတို့၏ နေအိမ်များသို့အရောက် သွားရောက်ကန့်တော့သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း