စစ်တွေ အောက်တိုဘာ ၆
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို၊ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အပူဇော်ခံဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။
ရှေးဦးစွာ အခြေခံပညာကျောင်းများမှဆရာ၊ ဆရာမများက မြတ်ဆရာသီချင်းဖြင့်ဂုဏ်ပြု သီဆို ဖျော်ဖြေကြပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်း အမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားသည်။ ဆက်လက်၍ ပြည်နယ်ပညာရေးမှူး၊ ဦးဘထွီးစိန်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၄)ဖွဲ့၏ ခေါင်းဆောင်များမှ ပေးပို့သည့် သဝင်လွှာအားဖတ်ကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ပြည်နယ်အဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(အစိုးရအဖွဲ့ရုံး) ဌာနခွဲ(၃)၊ (၄)ရှိ ဝန်ထမ်းများနှင့် မိတ်ဆုံအထူးနေ့လယ်စာ စားပွဲသို့တက် ရောက်သည်။
အထူးနေ့လယ်စာ စားပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အစားအသောက်ကို လတ်လတ် ဆတ်ဆတ်စားသုံးမှ အရသာရှိသကဲ့သို့ ရုံးလုပ်ငန်းများကို ဆောင်ရွက်ရာတွင်လည်း မြန်မြန်ဆန်ဆန်တိတိ ကျကျ မှန်မှန်ကန်ကန် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှ ရုံးလုပ်ငန်းများ လည်ပတ်ပြီး ဝန်ကြီးချုပ်၊ သက်ဆိုင်ရာ ဝန်ကြီးများနှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့ကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ ရုံးလုပ်ငန်းစနစ်သည်လည်း မိသားစုတစ်ခုတွင် မိဘသားသမီး များရှိသကဲ့သို့ မိသားစုညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်သောကြောင့် အဆင့်ဆင့်ကြတ်မတ် ကွပ်ကဲပြီး ဆောင်ရွက်ရသော စနစ်တစ်ခု ဖြစ်ကြောင်း၊ အလုပ်တစ်ခုလုပ်ဆောင်ရာတွင် အောက်ခြေဝန် ထမ်းမှစပြီး တာဝန်ရှိသည့်သူအဆင့်ဆင့်ထိ သူ့တာဝန်နှင့်သူရှိကြောင်း၊ ဝန်ထမ်းများအားလုံးသည် ရည်မှန်းချက်အတူတူဖြစ်ကြောင်း၊ ထို့ကြောင့် ရည်မှန်းချက်တူညီပြီး တစ်မိုးအောက်တွင် တာဝန်ထမ်းဆောင်နေကြသူများဖြစ်သည့်အတွက် အတူတကွ ပူးပေါင်း ပါဝင်ပြီး မိသားစုအသွင်ဖြင့် ချစ်ချစ်ခင်ခင် ညီညီညာညာဖြင့် ပေးအပ်သည့်တာဝန်များကို ထမ်းဆောင်ကြရန်၊ မိသားစုထမင်းဝိုင်းကို နွေးနွေးထွေးထွေး မိသားစုစိတ်ဓာတ်ဖြင့် စားသုံးကြရန်နှင့် ရှေ့ဆက်ပြီး ပေးအပ်သည့် တာဝန်များကို ကျေကျေ ပွန်ပွန်ထမ်းဆောင်ကြရန်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များသည် ဝန်ထမ်းများနှင့်အတူ မိတ်ဆုံအထူး နေ့လယ်စာကို အတူတကွစားသုံးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)