ရမ်းဗြဲ စက်တင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နေ့လယ်(၁) နာရီက မျက်ဝန်းသစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်ကျော်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား/ကျောင်းသူများ အနေဖြင့် လူငယ်ဘဝမှပင် ဗလငါးတန်နှင့် ပြည့်စုံသည့်လူငယ်များ ဖြစ်လာစေရန် ကြိုးစားသင်ယူကြစေလိုကြောင်း၊ လူငယ်စကားဝိုင်းမှ ရရှိသောအသိပညာ ဗဟုသုတများကို လေ့လာမှတ်သားကြပြီး လိုက်နာကျင့်သုံးကြစေလိုကြောင်းနှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချရန် လိုကြောင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာမှ ဦးစီးအရာရှိ ဒေါ်အောင်တင်ကြည်က ကျောင်းသား/ကျောင်းသူများအား လူငယ်တွေ အောင်မြင်ရေးနည်းလမ်းနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်၏ လူမှုရေးဦးတည်ချက် တတိယအချက်တွင် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဟူသည့် အချက်များ ချမှတ်ထားပါကြောင်း ခေတ်သစ်လူ့အဖွဲ့အစည်းမှာ ပညာတတ်မြောက်မှုက အလွန်ပင်ရေးကြီးပါကြောင်း အထူးသဖြင့် မိမိတို့နိုင်ငံရဲ့လူဦးရေ သုံးပုံတစ်ပုံက လူငယ်တွေဖြစ်ကြပြီး လူငယ်တွေက ပညာတတ်မြောက်မှု မြင့်မားမှသာ တိုင်းပြည်၏ အနာဂတ် ဖွံ့ဖြိုးသာယာမည်ဖြစ်ကြောင်းနှင့် ပညာဖြင့်လူ့ဘဝ၊ ကျေးလက်ဘဝမြှင့်တင်ခြင်း၊ အနာဂတ်တိုင်းပြည်တာဝန်များကို ပခုံးပြောင်းထမ်းရွက်ကြမည့် ကျောင်းသား/သူ လူငယ်များ၊ မိမိဒေသမှာ ခေါင်းဆောင်တာဝန်ယူကြမည့်လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးတတ်သည့် အလေ့အထများရရှိစေရန်၊ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်တတ်စေရန်၊ စဉ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေပြီး အကောင်း၊ အဆိုး၊ အမှား၊ အမှန်ကို ကိုယ်ပိုင်ဉာဏ်ဖြင့် ချင့်ချိန်၍ ဆုံးဖြတ်ချက်များ ချမှတ်နိုင်စေရန်၊ လူအများရှေ့မှောက်တွင်စကားပြောဆိုရာ၌ ပြောရဲဆိုရဲသတ္တိ ပြောတတ်ဆိုတတ်စေရန် နှုတ်မူစွမ်းရည်များ တိုးတက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပပေးခဲ့ခြင်း ဖြစ်ပါကြောင်း လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ Grade-10 ကျောင်းသူ မခင်မျိုးဆက်က လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ Grade-10 ကျောင်းသား မောင်မင်းခန့်နိုင်က လူငယ်နှင့်အားကစား၊ Grade-11 ကျောင်းသား မောင်မျိုးဟန်ဝင်းက လူငယ်နှင့်ကိုယ်ကျင့်တရား ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား/သူများက သိရှိလိုသည်များအား မေးမြန်းကြရာ မြို့နယ်ဦးစီးအရာရှိနှင့် ဆွေးနွေးသူများမှ ပြန်လည် ဖြေကြားခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား/သူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကလေးအလုပ်သမား ပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ပြသထားမှုများအား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူ (၉၀)ဦး တက်ရောက် အားပေးခဲ့ကြောင်း သိရှိရသည်။
အောင်တင်ကြည်(ပြန်/ဆက်)