ရခိုင်ပြည်နယ် မောင်တောမြို့၌  ကညင်ချောင်းစီးပွားရေးဇုန်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မောင်တော  စက်တင်ဘာ    ၂

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင်  ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကညင်ချောင်း စီးပွားရေးဇုန်အတွင်း တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်  ၁၀ နာရီအချိန်  ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦးက ကညင်ချောင်းစီးပွားရေးဇုန်တွင် တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့်  ဌာနများအလိုက် ပို့ကုန်၊ သွင်းကုန်နှင့် ကုန်သယ်မှုကိစ္စရပ်များကို ကဏ္ဍအလိုက် တာဝန်ထမ်းဆောင်ရာတွင် အခက်အခဲများရှိပါက တင်ပြစေလိုကြောင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့နေမှုအခြေအနေများ၊ ကုန်သွယ်မှုတိုးမြှင့်ဆောင်ရွက်နိုင် ရေးအတွက် ကုန်သည်များ၏ အခက်အခဲများ၊ မောင်တောကုန်သွယ်ရေးစခန်းအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများ ပိုမိုလျင်မြန်ချောမွေ့စွာဆောင်ရွက်နိုင်ရေး၊ ကုန်သွယ်မှုပမာဏ တိုးတက်စေရေး ဝိုင်းဝန်းဆောင်ရွက်ကြစေရန်လိုကြောင်း၊ မြို့နယ်အတွင်းမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရာတွင် ကုန်တင်ယာဉ်များအား မြို့ဝင်/မြို့ထွက် စာရင်းများ စနစ်တကျမှတ်တမ်းထားရှိစေရေး စသည့်တို့ကို ပြောကြားခဲ့သည်။ ယင်းနောက် ကညင်ချောင်း စီးပွားရေးဇုန်အတွင်း တာဝန်ထမ်းဆောင်နေကြသော ဌာနဆိုင်ရာများက ကုန်သွယ်ရေးစခန်း ပုံမှန်လည်ပတ် ဆောင်ရွက်နေမှုများ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်ပစ္စည်း ဝယ်လိုမှုများနှင့် တင်သွင်းသည် ကုန်ပစ္စည်းအခြေအနေများ၊ လုပ်ငန်းရှင်များက ကုန်သွယ်မှုဆိုင်ရာ အခက်အခဲများအား  တင်ပြဆွေးနွေးခဲ့ကြရာ လိုအပ်သည်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)