မြေပုံ စက်တင်ဘာ ၂၉
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းကျင်းပခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီ အချိန်က အ.ထ.က(သဲတန်း)ကျောင်းရှိ ပညာနေခြည်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(သဲတန်း)ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သီရိဟေမာန်က လူငယ်စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန် နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေးသည်လူမှုရေးဦးတည်ချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူငယ်နှင့်အောင်မြင်ရေးခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းကိုဆက်လက်ကျင်းပရာ ဦးစီးအရာရှိ ဒေါ်ခင်သီရိဟေမာန်က ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ပြီး အ.ထ.က(သဲတန်း) ကျောင်းမှ G-12 ကျောင်းသား မောင်ဇမ္ဗူကောင်းမြတ်အောင်နှင့် G-12 ကျောင်းသူ မဇူလိုင်မိုးတို့က လူငယ်နှင့် အောင်မြင်ရေးစကားဝိုင်းဆွေးနွေးရာ၌ အမေရိကန်စိတ်ပညာပါမောက္ခဝီလျှမ်းဂျိမ်း(စ်)၏ လူသည် မိမိစိတ်သဘောထားကို မိမိပြောင်းလဲလိုက်ခြင်းအားဖြင့် ဘဝတစ်ခုလုံးကိုအမှန်တကယ်ပြောင်း လဲနိုင် ကြောင်း ဆွေးနွေးသည်။ ဆက်လက်၍ G-12ကျောင်းသားမောင်စိုးမိုးအောင်နှင့် G-12ကျောင်းသူ မမျိုးစန္ဒီဆွေတို့က မြေထောင်မြှောက်ပေးခြင်းအကြောင်းအရာဖြင့် လူအချင်းချင်းမူလဘာမှမကွာ၊ သူ့ကိုခြင်္သေ့စိတ်သွင်းပေးက ရဲရင့်သွားမည်၊ သူ့ကိုယုန်ကလေးလိုပွတ်သပ်ပေးနေပါက ယုန်ငယ်သတ္တိ မျိုးဘဲရှိနေလိမ့်မည်အကြောင်းဆွေးနွေးသည်။ ဆက်လက်၍ G-12ကျောင်းသားမောင်စိုးနိုင်နှင့် G-12 ကျောင်းသူ မခိုင်စုမွန်တို့ကလူငယ်များသည် အခက်အခဲအတားအဆီးအမျိုးမျိုး ကိုဖြတ်သန်းကျော် လွှားနိုင်ရမည်၊ ဘဝကိုအောင်မြင်စွာတည်ဆောက်နိုင်ရမည်နှင့် သင့်ဘဝသည်လူများကိုမည်မျှကောင်း ကျိုးပြုပါသနည်း၊ ဘဝကိုပျော်စရာအကောင်းဆုံးဖြတ်သန်းလိုပါက လူများအပေါ်ကောင်းကျိုးပြုခြင်းမှ တပါးအခြားမရှိကြောင်းဆွေးနွေးသည်။ ဆက်လက်၍ G-12 ကျောင်းသားမောင်ချစ်စံဝင်းနှင့် G-12 ကျောင်းသူမစုဝေလှိုင်တို့က မာသာထရီဇာ၏ လူ့ဘဝဟူသောအကြောင်းအရာအချက်အလက်တို့ကို အပြန်အလှန်ဆွေးနွေးသည်။ လူငယ်စကားဝိုင်းသို့ တက်ရောက်လာသောကျောင်းသား/ကျောင်းသူများက စကားဝိုင်းဆွေးနွေးချက်အကြောင်းအရာများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင် ဆွေးနွေးသူ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်သီရိဟေမာန်က ရှင်းလင်းဖြေကြားပေးသည်။
အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဓာတ်ပုံပြပွဲနှင့် စာအုပ်/စာစောင်ပြပွဲများအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
တင်ဝင်း