စစ်တွေ စက်တင်ဘာ ၂၉
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်း က အမှတ်(၄)လုံခြုံရေး ရဲကွပ်ကဲမှုအဖွဲ့ရုံး၊ ရဲတပ်ရင်း(၃၆) စားရိပ်သာခန်းမ၌ အရာရှိ၊ အခြားအဆင့်၊ တပ်ဖွဲ့ဝင်များနှင့်တူ အထူးနေ့လယ်စာစားပွဲသို့ တက်ရောက်ကြပြီး လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်း၌ ဆွမ်းဆန်တော်လောင်းလှူပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရဲတပ်ရင်း(၃၆) စားရိပ်သာခန်းမ၌ အရာရှိ၊ တပ်ဖွဲ့ဝင် များနှင့်တူ အထူးနေ့လယ်စာစားပွဲသို့တက်ရောက်ကြပြီး အရာရှိ၊ အခြားအဆင့်၊ တပ်ဖွဲ့ဝင်များနှင့်အတူ နေ့လယ်စာကိုအတူတကွစားသောက်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် တပ်ဖွဲ့ဝင်များ နေ့လယ်စာစားသုံးနေမှုအား လှည့်လည်ကြည့်ရှုပြီး ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
မွန်းလွဲပိုင်းတွင် လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်း၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဝါတွင်းကာလ လပြည့်အဖိတ်နေ့တိုင်း သံဃာအပါး (၅၀၀)တို့အား ဆွမ်းဆန်တော် လောင်းလှူပွဲကို ကျင်းပရာ ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ စစ်တွေတပ်နယ်မှ တပ်မတော်အရာရှိကြီးများ နှင့်ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်လောင်းလှူကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်တို့က လောကာနန္ဒာစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်များအား ဖူးမြော်ကြည်ညိုကာ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကြပြီး ဆွမ်းဆန်တော်အလှူခံရန် ကြွရောက်တော်မူကြသည့် ဆရာတော်ကြီးများအား အချိုရည်များ ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စေတီတော်အတွင်း လှည့်လည်ကာ ဆွမ်းဆန်တော်လောင်းလှူရန် ရောက်ရှိနေကြသည့် ဌာနဆိုင်ရာ များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လှူမှုရေးအဖွဲ့အစည်းများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် စေတနာရှင်အလှူရှင်များ ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများက ဦးဆောင်ကာ ကြွရောက် တော်မူကြသော ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများနှင့် သံဃာတော်များအား ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူကြသည်။ ဆွမ်းဆန်တော်လောင်းလှူပွဲသို့ စစ်တွေမြို့ပေါ်ရှိ ထေရ်ကြီး၊ ဝါကြီးဆရာတော်ကြီးများ၊ ကျောင်းတိုက်အသီးသီးမှ ရဟန်း၊ သံဃာများနှင့် သာမဏေများ၊ သီလရှင်များကြွရောက်တော်မူကြပြီး ဆွမ်းဆန်တော်များ အလှူခံကြသည်။
အဆိုပါ ဆွမ်း၊ ဆန်တော်လောင်လှူပွဲတွင် စီးပွားရေးလုပ်ငန်းရှင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လှူမှုရေးအဖွဲ့အစည်းများနှင့် စေတနာရှင်အလှူရှင်များကလည်း ဆွမ်းဆန်တော်၊ ဆီ၊ ဆေးဝါးနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လှူဒါန်းခဲ့ကြကြောင်းသတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)