ပုဏ္ဏားကျွန်း စက်တင်ဘာ ၂၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့ ဈေးကြီးအတွင်း၌ ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များတွင် မှတ်ပုံမတင်ထားသော ဆေးဝါးများနှင့် သက်တမ်းကုန်ဆုံးသည့် ဆေးဝါးပစ္စည်းများအား ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ယမန်နေ့၊ ညနေ (၃)နာရီက (FDA)အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ရုံးနှင့် တာဝန်ရှိသူတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးကြရာတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ (FDA) ရခိုင်ပြည်နယ်ရုံးမှ ဒေါက်တာ တင်ကိုဝင်း ဦးဆောင်၍ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်လှ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပုဏ္ဏားကျွန်းမြို့၊ မြို့မဈေးကြီးအတွင်း၌ ရောင်းချလျက်ရှိ သော ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များတွင် မှတ်ပုံမတင်ထားသော ဆေးဝါးများနှင့် သက်တမ်းကုန်ဆုံးသည့် ဆေးဝါးများအား ရောင်းချဖြန့်ဖြူးခြင်းများ ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)