ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်

စစ်တွေ စက်တင်ဘာ ၂၂

ရခိုင်ပြည်နယ် သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယမန်နေ့မွန်းလွဲပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ  ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်နေသည်ကိုတွေ့ရသည့်အတွက် ကော်မတီဝင်များကိုလည်းကျေးဇူးတင်ပါကြောင်း၊ ပြန်လည် ထူထောင်ရေးကာလတွင် ပြည်နယ်အတွင်း ကော်မတီ(၆)ရပ်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ စာရင်း ဇယားများမှန်ကန်ရေးကို စနစ်တကျဖြင့် လုပ်ဆောင်ပေးကြစေလိုကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြီးမြောက်သွားသည့်အခါတွင် တိကျမှန်ကန်ပြီး စာရင်းဇယားစနစ်တကျဖြင့် မှတ်တမ်းများကျန်ရှိနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းကော်မတီ များကလည်း ကော်မတီအလိုက် ပြန်လည်ထူထောင်ရေးပစ္စည်းများရောက်ရှိမှု၊ ဖြန့်ခွဲမှုများမှတ်တမ်း မှတ်ရာများပြုစုပြီး ဖြန့်ခွဲရာတွင်လည်း မြို့နယ်အလိုက်ဖြန့်ခွဲမှုများကို အသေးစိတ်ဆောင်ရွက်ထား ရန်လိုအပ်မည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များကိုအခြေခံ၍ ပြန်လည်ဆွေးနွေးပေးမည်ဖြစ်ပြီး လက်ရှိဆောင်ရွက်နေသည့်ကဏ္ဍများတွင်လည်း လိုအပ်ချက်များရှိပါက ပြန်လည်တင်ပြပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့် စပ်လျဉ်းပြီး ကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများက မိမိတို့ကော်မတီအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ဆက်လက်၍ အလှူငွေပေးအပ်ပွဲကို အဆိုပါအစည်းအဝေးခန်းမ၌ကျင်းပရာ စွမ်းအင်ဝန်ကြီးဌာနမှ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) ဒဏ်ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများ၏ ပြန်လည်ထူထောင်ရေးကိစ္စရပ်များတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ်(၃၀၁၂၀၀၀) တန်ဖိုးရှိ ဆေးနှင့်ဆေးပစ္စည်းများကို ပေးအပ်လှူဒါန်းရာ အလှူငွေလက်ခံရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)