မြောက်ဦး စက်တင်ဘာ ၂၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ဈေးကွက်အတွင်းရှိ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုး ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
အဆိုပါ စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးပိုင်ထက်အောင်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမောင်သိန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဖြိုးမောင်မောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယဦးစီးမှူး ဦးမောင်မောင်နှင့် မြို့နယ်တိုင်းရင်ဆေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဌေးတို့အဖွဲ့သည် ကုန်စုံဆိုင်များရှိ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတို့တွင် စားသုံးသူရေးရာဦးစီးဌာန၏ ဥပဒေများနှင့် ကိုက်ညီမှုရှိ/မရှိ၊ ကုန်စည်များတွင် မြန်မာ ဘာသာဖြင့်ဖြစ်စေ၊ အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်နှင့်ကိုက်ညီမှု ရှိ/မရှိနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် နို့စို့ကလေးနှင့် ကလေးငယ်များအတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာ အမိန့်ဖော်ပြထားခြင်းနှင့်ကိုက်ညီမှု ရှိ/မရှိ တို့ကို သက်ဆိုင်ရာဌာနများ က ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)