မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)စတင်ထိုးနှံပေး

မာန်အောင် စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ယမန်နေ့နံနက် နာရီခွဲအချိန်ကစတင်၍အသက်()နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော အမျိုးသမီးငယ်ကျောင်းသူများအား ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျောင်းအလိုက်ဆရာ၊ဆရာမများက ကြီးကြပ်ပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ သားဖွားဆရာမနှင့်ကျန်းမာရေးဆရာမများက သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ကို လမ်းညွှန်ချက်နှင့်အညီ စနစ်တကျထိုးနှံပေးလျက်ရှိသည်။

သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာတစ်ဝှမ်းလုံးရှိ အမျိုးသမီးများတွင် စတုတ္ထမြောက်အဖြစ်အများဆုံး ကင်ဆာရောဂါဖြစ်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်သောအမျိုးသမီးများမှာ ဒုတိယမြောက်အဖြစ်အများဆုံးရောဂါဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးကို မိန်းကလေးငယ်များအား စောလျင်စွာထိုးနှံခြင်းက သားအိမ်ခေါင်းကင်ဆာရောဂါကို အစောဆုံးကာကွယ်နိုင်မည့် အခွင့်အလမ်းဖြစ်ကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံခြင်းကို  စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ ထိုးနှံပေးမည်ဖြစ်ပြီး ကျောင်းမနေသူများနှင့် ကျောင်းအခြေပြုထိုးနှံခြင်း၌ ကျန်ရှိသူများအား ပြည်သူလူထုအခြေပြုအဖြစ် အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ သတ်မှတ်စုရပ်နေရာများတွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)