မောင်တော စက်တင်ဘာ ၁၉
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် မိန်းကလေးများအား သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) စနစ်တကျထိုးနှံနိုင်ရေး အသိပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နုကေသီစံက မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၁၄ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့အတွင်း မွေးဖွားသော မိန်းကလေးငယ်များအား ၂၀၂၃ ခုနှစ် သြဂုတ်လမှ အောက်တိုဘာလအတွင်း သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ မောင်တောမြို့နယ်အနေဖြင့် စက်တင်ဘာလ ၁၈ ရက်နေ့ မှ ၂၉ ရက်နေ့အထိ ကျောင်းအခြေပြု ထိုးနှံပေးမည်ဖြစ်ပြီး အောက်တိုဘာလ ၁၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ ပြည်သူလူထုအခြေပြု ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေး အား အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သည့် မိန်းကလေးများထိုးနှံပေးမှ ဆေးအာနိသင်ထိရောက်မှာဖြစ်ကြောင်း၊ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံရာတွင်အောင်မြင်စွာထိုးနှံနိုင်ရေး ပြည်သူလူထုများပိုမိုသိရှိအောင် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန် ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်