မြေပုံမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် မိန်းကလေးများအား (ကျောင်းအခြေပြု)သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေး

မြေပုံ  စက်တင်ဘာ ၁၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သည့် မိန်းကလေးများအား (ကျောင်းအခြေပြု)သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိအခြေခံပညာကျောင်းများ၌ စတင်ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင်လမ်းညွှန်မှုဖြင့် ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန်းထွန်းဦးဆောင်ကာ မြို့နယ်ပညာရေးမှူး ဦးအောင်ဌေး ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းရှိဆရာ/ဆရာမများပူးပေါင်းကာ (HPV) ကာကွယ် ဆေးထိုးရမည့် ကျောင်းသူမိဘ/အုပ်ထိန်းသူများနှင့်တွေ့ဆုံကာ တာဝန်ရှိကျန်းမာရေးဝန်ထမ်း များက သားအိမ်ခေါင်းရောဂါကာကွယ်ဆေးထိုးနှံခြင်းဖြင့် အသက်ငယ်ရွယ်သည့်မိန်းကလေးများတွင် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားစေသည့် Human Papilloma Virus (HPV) သားအိမ်ခေါင်းကင် ဆာရောဂါ ဗိုင်းရပ်စ်ပိုးကူးစက်နှုန်းကို (၈၃)ရာခိုင်နှုန်း လျော့ချပေးနိုင်မည်ဖြစ်ကြောင်း၊ ယခုထိုးနှံပေးမည့် ကာကွယ်ဆေးမှာ (HPV)ပိုးအမျိုးအစား(၄)မျိုးကို ကာကွယ်နိုင်သည့်ကာကွယ်ဆေးဖြစ်ပြီး ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်ပွားမှုကို (၉၅)ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်းရှင်းလင်းဆွေးနွေးသည်။

ထို့နောက် ကာကွယ်ဆေးထိုးနှံရာ၌လည်း ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စီစစ်၍ ကာကွယ်ဆေး မထိုးနှံမည်(၁)ပတ်အတွင်းနှင့် ထိုးနှံမည့်နေ့တွင် ဖျားနာခြင်း၊ လက်ရှိကျန်းမာရေးအခြေအနေအရ ကိုယ်ခံအားကျဆင်းနေပါက ကာကွယ်ဆေးထိုးနှံ ခြင်းမပြုရန်နှင့် ကာကွယ် ဆေးထိုးနှံပြီးသူများအား မိနစ်(၃၀)ခန့်အနားယူစေသည်။

မြေပုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော မိန်းကလေးများအား (ကျောင်းအခြေပြု) ကာကွယ်ဆေးထိုးနှံခြင်းကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများအတွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ဆရာ/ဆရာမတို့က (၁၈-၉-၂၀၂၃) ရက်နေ့မှ (၂၉-၉-၂၀၂၃)ရက်နေ့အတွင်း ပြီးစီးအောင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

တင်ဝင်း