မြောက်ဦး စက်တင်ဘာ ၈
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် အ.ထ.က (ခွဲ) (အ.လ.က-၃)ကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်ဝင်းမှ "လေထုသန့်ရှင်းဖို့လက်တွဲပူးပေါင်းဆောင်ရွက်စို့" ခေါင်းစဉ်ဖြင့် ဟောပြောရာတွင် မြန်မာနိုင်ငံသည် လေထုညစ်ညမ်းမှုကို ခံစားနေရသည့် နိုင်ငံဖြစ်ပြီး ၂၀၂၀ပြည့်နှစ်က ပြုလုပ်သည့် ကမ္ဘာ့ လေထုအရည် အသွေးစစ်တမ်းအရ လေထုညစ်ညမ်းဆုံးနိုင်ငံအဆင့် ၁၉ တွင် ရှိခဲ့ကြောင်း၊ လေထုညစ်ညမ်းမှုကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးသွေးကြောကျဉ်း ရောဂါ၊ အဆုတ်ကင်ဆာ၊ အဆုတ်နှင့် ဆိုင်သည့် နာတာရှည် ရောဂါများဖြစ်ပွားပြီး သေဆုံးမှုများရှိသည့်အတွက် လေထုညစ်ညမ်းမှုသည် အရေးတကြီး ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သလို ရေရှည်စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည့် ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှု တစ်ရပ်လည်း ဖြစ်နေကြောင်းစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အသိပညာဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)