ပေါက်တောမြို လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်​ပြပွဲ၊ ဓာတ်ပုံပြပွဲ၊ စာအုပ်ပြပွဲ ပြုလုပ်

ပေါက်တော စက်တင်ဘာ  ၇

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်၍ အသိ ပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နေ့လယ် ၁ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောခြင်းနှင့် နံရံကပ်စာစောင်​ပြပွဲ၊ဓာတ်ပုံ​ပြပွဲ၊ စာအုပ်စာစောင်ပြသခြင်းတို့ကို  ဆောင်ရွက်ကြသည်။

ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်တင်တင်က ကလေးအလုပ်သမားဖြစ်စေသည့် အကြောင်းရင်းများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း၊ ကလေးအလုပ်သမားနှင့် ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ဥပဒေများ၊ အခွင့်အရေးများအကြောင်းကို အသိပညာပေး ဟောပြောသည်။

ထို့ပြင် တက်ရောက်လာကြသည့်  ကျောင်းသား ကျောင်းသူများ၊ ဒေသနေ ကလေးသူငယ်များ က ခန်းမအတွင်း ပြသထားသည့် စာအုပ်စာစောင်များ၊ ကလေးအလုပ်သမားများ ပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် လူကုန်ကူးမှု အသိပညာပေး နံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)