မြောက်ဦး စက်တင်ဘာ ၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဆန်စက်များအားသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျောက်ရာဇ်ကေရပ်ကွက် ဒေါ်ကျော့ဖြူ ဟာလာဆန်စက်၌ ကွင်းဆင်း ဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ကျော်လှိုင် ဦးဆောင်သောအဖွဲ့သည် ဆန်စက်ပိုင်ရှင်နှင့်တွေ့ဆုံကာ ဆန်စက်များမှထွက်ရှိသော စပါးခွံများအား မြစ်ချောင်းများနှင့် မြောင်းများအတွင်းသို့ စည်းကမ်းမဲ့စွန့်ပစ်မှုများ မရှိစေရန် အသိပညာပေးခြင်း၊ စပါးခွံများသည် မွေးမြူရေးခြံများနှင့် သဘာဝမြေဩဇာအဖြစ် စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် အသုံးပြုနိုင်သည့်အတွက် ဓာတ်မြေဩဇာသုံးစွဲမှုတွင် ငွေကြေးကုန်ကျမှု သက်သာစေနိုင်မည်ဖြစ်ကြောင်း စပါးခွံများအား မြစ်ချောင်းများတွင် စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့် မြစ်ချောင်းများ တိမ်ကောလာနိုင်ခြင်း၊ ရေမြောင်းများပိတ်ဆို့၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ရေနေသတ္တဝါများနှင့် ရေသယံဇာတများ ပျက်စီးလာနိုင်ခြင်း စသော အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)