(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီး ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကုတ် စက်တင်ဘာ ၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊တောင်ကုတ်မြို့တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီးခရိုင်အဆင့် ပြိုင်ပွဲများကို အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်(၉)နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပခဲ့သည်။

ရှေ့ဦးစွာ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးကျော်မြင့်လှိုင်က မိမိတို့ခရိုင်တွင်(၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာအဆိုအကအရေးအတီး ပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြည်နယ်အဆင့်၊ ဗဟိုအဆင့်ပြိုင်ပွဲများတွင် ခရိုင်ကိုယ်စားပြု၊ ပြည်နယ် ကိုယ်စားပြု ဆုတံဆိပ်များ ရရှိနိုင်ရန် အရည်အသွေးပြည့်မီသည့် ပြိုင်ပွဲဝင်များကို ရွေးချယ်လေ့ကျင့် ပေးရန်လိုအပ်ကြောင်းနှင့် သက်ဆိုင်ရာကော်မတီများက ကြိုးပမ်းသွားကြရန်လိုအပ်ကြောင်း ပြောကြားပြီးနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အဆို အကနှင့် အတီးပညာရှင်များက ပြိုင်ပွဲများအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများကိုဆွေးနွေးတင်ပြကြသည်။

တောင်ကုတ်ခရိုင်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ အဆို အက အရေး အတီး ပြိုင်ပွဲများကို စက်တင်ဘာ(၅)ရက်မှ(၇)ရက်နေ့အထိ တောင်ကုတ်မြို့နယ်ခန်းမတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ရာပြိုင်ပွဲသို့ တောင်ကုတ်၊ မာန်အောင်မြို့နယ်များမှ ပြိုင်ပွဲဝင်များက ဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)