ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားပေါက်ခြင်း နည်းပညာပေးသင်တန်းဖွင့်လှစ်

မောင်တော စက်တင်ဘာ  ၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ  ဒေသအတွင်း ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းရေး၊ ‌ ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရေး၊  လူမှုစီးပွားဘဝမြင့်မားလာစေရေး၊ ဝင်ငွေပိုမိုရရှိနိုင်ရေးအတွက်  အခြေခံ ငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားပေါက်ခြင်း နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ကျဘက်ကံပြင်ကျေးရွာရှိ  ရေချိုငါးသားပေါက်စခန်းစခန်းရုံး၌  ပြုလုပ်ခဲ့သည်။ 

ရှေးဦးစွာ ဘူးသီးတောင်မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆန်းဝင်းက အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးဆေးထိုးသားပေါက်ခြင်း နည်းပညာသင်တန်းဖွင့်လှစ်ပို့ချရခြင်းများနှင့် ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး  ရေချိုငါးသားပေါက်စခန်းတာဝန်ခံ ဦးကျော်ဝင်းအောင်က သင်တန်းတွင် စာတွေ့လက်တွေ့ သင်ကြား ပို့ချပေးမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါး ဆေးထိုးသားပေါက်ခြင်း နည်းပညာပေးသင်တန်းကို ကျေးရွာများရှိ ငါးမွေးတောင်သူ ၃၅ ဦးတက်ရောက် သင်ယူလျက်ရှိပြီး  စခန်းနည်းပြများက သင်ကြားပို့ချပေးမည်ဖြစ်ရာ သင်တန်းကာလမှာ  နှစ်ရက်တာဖြစ်ကြောင်း သိရသည်။

သက်လွင်စိုး ခရိုင်(ပြန်/ဆက်)