ဂွ ဩဂုတ် ၃၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ ၃၉အုပ်စုမှ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်(ဧပြီ၊မေ၊ဇွန်) လများအတွက် ထောက်ပံ့ကြေးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နေ့လယ် ၁၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်က ထောက်ပံ့ကြေးပေးအပ်ရခြင်းသည် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသူငယ်များအား ကိုယ်ဝန်ဆောင်စဥ် ကာလမှစ၍ ကျန်းမာရေးနှင့် အာဟာရပြည့်ဝပြီး ကိုယ်ခန္ဓာနှင့်ဉာဏ်ရည်ဖွံ့ဖြိုးစေရန်၊ လူသားဘဝအစ ရက်(၁၀၀၀) ကာလအတွင်း အာဟာရဖွံ့ဖြိုးမှုနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာများ အလေ့အထကောင်းများ ရရှိစေပြီး ဦးနှောက်နှင့် ခန္ဓာကိုယ် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ကာ လူသားအရင်းအမြစ်အတွက် အကျိုးပြုစေသော လူငယ်များအဖြစ် ကြီးပြင်းလာစေရန် ရည်ရွယ်၍အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်းနှင့် နိုင်ငံတော်၏ အနာဂတ်အသီးအပွင့် ကလေးငယ်များ အာဟာရစံနှုန်း တိုးတက်ကောင်းမွန်မှသာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေးငွေများ ပေးအပ်ခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်(ဧပြီ၊မေ၊ဇွန်)လများ အတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂) နှစ်အောက်ကလေး စုစုပေါင်း ၁၀၈၇ ဦးအတွက် ထောက်ပံ့ငွေကျပ် ၄၅,၂၂၅,၀၀၀/-(လေးရာငါးဆယ့်နှစ်သိန်းနှစ်သောင်းနှစ်ထောင့်ငါးရာတိတိ)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်