စစ်တွေ ဩဂုတ် ၃၁
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်အတွင်း ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား စစ်တွေမြို့နယ်၊ ရေချမ်းပြင်ဆိပ်ကမ်း၌တွေ့ဆုံကာ ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ပြည်နယ်သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်း အဝေးသို့တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြပြီး မိမိတို့ဒေသများ၌ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်ရန် စစ်တွေမြို့မှ ပြန်လည်ထွက်ခွာကြမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား ရေချမ်းပြင်ဆိပ်ကမ်း၌ တွေ့ဆုံကာ ဂုဏ်ပြုအားပေး စကားပြောကြားပြီး တပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကြသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြည်နယ်သဘာဝဘေးပြန်လည်ထူထောင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်တိုက်လုပ်ဆောင်နေသည်ကို တွေ့ရသည့်အတွက် ကော်မတီဝင်များကိုလည်း ကျေးဇူးတင်ပါကြောင်း၊ ပြန်လည်ထူထောင်ရေးကာလတွင် ပြည်နယ်အတွင်းကော်မတီ(၆)ရပ်ဖြင့် ဆောင်ရွက်နေပါကြောင်း၊ ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ စာရင်းဇယားများမှန်ကန်ရေးကို စနစ်တကျဖြင့် လုပ်ဆောင်ပေးကြစေလိုကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြီးမြောက်သွားသည့်အခါတွင် တိကျမှန်ကန်ပြီး စာရင်းဇယား စနစ်တကျဖြင့် မှတ်တမ်းများကျန်ရှိနိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)နှင့်ပတ်သက်၍ မှတ်တမ်းပြုစုရေး (၁/၂၀၂၃) ညှိနှိုင်းအစည်းအဝေးပြုလုပ်ပြီး မှတ်တမ်းထုတ်ပြန်နိုင်ရေးပြုစုဆောင်ရွက်လျက်ရှိကြောင်း၊ လုပ်ငန်းကော်မတီများကလည်း ကော်မတီအလိုက် ပြန်လည်ထူထောင်ရေးပစ္စည်းများ ရောက်ရှိမှု၊ ဖြန့်ခွဲမှုများမှတ်တမ်းမှတ်ရာများပြုစုပြီး ဖြန့်ခွဲရာတွင်လည်း မြို့နယ်အလိုက်ဖြန့်ခွဲမှုများကို အသေးစိတ်ဆောင်ရွက်ထားရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် ဆက်သွယ်ပြီး ၎င်းတို့မှတစ်ဆင့် ပြန်လည်ဖြန့်ခွဲမှုများကို ထိန်းကျောင်းကြပ်မတ်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း၊ သို့မှသာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြီးမြောက်ချိန်တွင် မှတ်တမ်းမှတ်ရာများဖြင့် စနစ်တကျကျန်ရှိကာ လိုအပ်သည်များကိုဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် ယခင်အစည်းအဝေးဆုံးဖြတ်ချက်များကို အခြေခံ၍ ပြန်လည်ဆွေးနွေးပေးမည်ဖြစ်ပြီး လက်ရှိဆောင်ရွက်နေသည့်ကဏ္ဍများတွင်လည်း လိုအပ်ချက်များရှိပါက ပြန်လည်တင်ပြပေးကြစေလိုကြောင်းပြောကြားသည်။
ထို့နောက် ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများ၊ လုပ်ငန်းတိုးတက်မှုအခြေအနေများနှင့်စပ်လျဉ်းပြီး ကော်မတီဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများက မိမိတို့ကော်မတီအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်း၌ MV CHARITY သင်္ဘောပေါ် မှဆန်အိတ်များတင်ချနေမှု၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဆိပ်ကမ်း၌ MYIT KYI NA သင်္ဘောပေါ်မှ ဆန်အိတ်များနှင့် ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုမည့်ပစ္စည်းများကို လူအင်အားစက်ယန္တရား အင်အားများအသုံးပြုကာ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲပေးရန်စီစဉ်ဆောင်ရွက်နေမှု လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)