စစ်တွေ ဩဂုတ် ၂၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village) အကောင်အထည်ဖော်ဆောင်ရွက်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် စစ်တွေမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးညီညီက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village) အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် မောင်နီပြင်ကျေးရွာအား အတည်ပြုချက်ရရှိထားပြီးဖြစ်ပါကြောင်း၊ စီမံကိန်းလုပ်ငန်းများဖြစ်သည့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေး၊ သွင်းအားစုနှင့် ငွေကြေးထောက်ပံ့ခြင်း၊ သက်မွေးဝမ်းကျောင်းနှင့် ကျေးရွာစီးပွားရေးမြင့်မားရေး၊ အသင်းအဖွဲ့များဖွဲ့စည်းခြင်းနှင့် နည်းပညာဖြန့်ဖြူးခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင် ကဏ္ဍ(၆)ခုအား အကျိုးထိရောက်မှုရှိစေရန်နှင့် မြန်ဆန်လွယ်ကူစေရန်အတွက် ဦးဆောင်ဌာနများက ဆက်စပ်ဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မှ အောင်မြင်မည်ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ သက်ဆိုင်ဌာနများက မိမိတို့ဌာနအလိုက် ဆောင်ရွက်မည့်အစီအမံများကို ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးမောင်သိန်းဖြူက ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံကိန်း(Smart Village) အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် အကြံပြုဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
မြင့်စိုးဦး(ခရိုင်ပြန်/ဆက်)