မအီ ဩဂုတ် ၂၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၌ ယခုဘဏ္ဍာနှစ်တွင် လေံလအောင်မြင်ပြီး ခရီးသည်နှင် ကုန်စည်များတင်ဆောင်၍ ပြေးဆွဲနေကြသည့် ကူးတို့စက်လှေများအား အသက်ကယ်အင်္ကျီ (Life Jacket)ဝတ်ဆင်၍ စီးနင်းလိုက်ပါစေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို မအီမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးညီညီလွင်နှင့် ရုံးအဖွဲ့ဝန်ထမ်းများလိုက်ပါ၍ ယမန်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာ၌ ယခုဘဏ္ဍာနှစ်တွင် လေလံအောင်မြင်၍ တင်ဆောင်ကူးသန်းပြေးဆွဲနေကြသည့် ကျော်ကိုင်း-ငှက်ပျောတော-မော်ရွာကူးတို့နှင့် မော်ရွာ-ချောင်းကြီးနား ကူးတို့များတွင် ခရီးသည်နှင့် ကုန်စည်တင်ဆောင်မှုများ ဝန်အားမျှတမှု ရှိ/မရှိ စစ်ဆေးခြင်း၊ ခရီးသည်များ အသက်ဘေးအန္တရာယ် လုံခြုံမှုရှိစေရေးတို့အတွက် အသက်ကယ်အင်္ကျီများ ဝတ်ဆင်ပြီး လိုက်ပါစီးနင်းစေခြင်း ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး အသက်ကယ်အင်္ကျီ (Life Jacket) ဝတ်ဆင်မှုမရှိသေးသည့် ခရီးသည်များအား အသက်ကယ်အင်္ကျီ ဝတ်ဆင်ပေးခြင်း၊ ကူးတို့လှေစီး၍ ကျောင်းတက်ကျောင်းဆင်းပြုလုပ်ကြရသည့် ကျောင်းသား/ကျောင်းသူများအား အသက်ကယ်အင်္ကျီ စနစ်တကျ ဝတ်ဆင်နည်းများကို အသိပညာပေး သရုပ်ပြဟောပြောခြင်းနှင့် ခရီးသည်နှင့် ကုန်စည်ဝန်အားမျှတမှုရှိမှ ကူးတို့စက်လှေအား ထွက်ခွာစေခြင်းစသည့် အသက်ဘေးအန္တရာယ် ဆိုင်ရာ ကာကွယ်ရေးလုပ်ငန်းတို့အား ကြပ်မတ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်မောင်ဌေး(ပြန်/ဆက်)