ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ICRC မှ ရခိုင်ပြည်နယ်ရုံးခွဲတာဝန်ခံနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၊ တက္ကသိုလ်ပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲ တက်ရောက်

စစ်တွေ ဩဂုတ် ၂၄

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ICRC မှရခိုင်ပြည်နယ်ရုံးခွဲတာဝန်ခံ Mr. Yannis KHEMIRI နှင့်အဖွဲ့အားလက်ခံတွေ့ဆုံပြီး စစ်တွေတက္ကသိုလ်၌ကျင်းပသော တက္ကသိုလ်ပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲ ဆုချီးမြှင့်ပွဲတက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ICRC မှရခိုင်ပြည်နယ်ရုံးခွဲတာဝန်ခံ Mr. Yannis KHEMIRI နှင့် အဖွဲ့အားတွေ့ဆုံစဉ် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)မှ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေမှုများ၊ သန့်ရှင်းသော ရေရရှိရေး ဆောင်ရွက်နေမှုများ၊ မိုခါမုန်တိုင်းအလွန်ကာလ မျိုးစပါးများထောက်ပံ့ပေးခဲ့မှုနှင့် ဆောင်းသီးနှံ စိုက်ပျိုးနိုင်ရန်မျိုးစေ့များ ဖြန့်ဝေပေးမည့် အစီအမံများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးသင်တန်းများ ပို့ချပေးမည့် အစီအမံများ၊ ရခိုင်ပြည်နယ်အတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုများနှင့် ခရီးသွားလာခွင့်ရရှိရေး စသည့်ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဘက်စုံသုံးဆိပ်ကမ်းသို့သွားရောက်၍ ရခိုင်ပြည်နယ် အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပါဝင်ကူညီခဲ့ကြပြီး  မိမိတို့ဒေသများ၌ မူလတာဝန်များကို ပြန်လည်ထမ်းဆောင်ရန် စစ်တွေမြို့မှ ပြန်လည်ထွက်ခွာကြမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များအား တွေ့ဆုံပြီး ဂုဏ်ပြုအားပေးစကား ပြောကြားကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ရခိုင် ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တက္ကသိုလ်ပေါင်းစုံ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့် ပွဲအခမ်းအနားသို့တက်ရောက်ကြရာ စစ်တွေတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူများက ဘဝမီးအိမ် ထွန်းညှိရာမြေ တေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်ချမှတ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အ ကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုရေးဦးတည်ချက်တွင် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် ပေးနိုင်ရန် ဘက်စုံပညာရေးကဏ္ဍမြှင့်တင်ရေး ဟုဖော်ပြထားပြီး Human Resources လူစွမ်းအား အရင်းအမြစ်၏ အရေးပါပုံကို နိုင်ငံတော်၏ ဦးတည်ချက်(၁၂)ရပ်မှာ ထည့်သွင်းဖော်ပြ ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်တွင် မှီတင်းနေထိုင်သည့် လူဦးရေ ၃ ဒသမ ၃ သန်းကျော်ရှိရာမှာ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် အခြေခံပညာကျောင်းသား၊ ကျောင်းသူ ၅၆၉၃၁၃ ဦး၊ အဆင့်မြင့်ပညာ ကျောင်းသား၊ ကျောင်းသူ ၁၀၉၇၅ ဦးရှိရာ ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူ ရာခိုင်နှုန်း အနေဖြင့် ပြည်နယ်လူဦးရေ၏ ၁၈ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ အဆိုပါကျောင်းသား၊ ကျောင်းသူများ ပညာကို ဆုံးခန်းတိုင်အောင်သင်ကြားခွင့် ရရှိပြီး ပြည်နယ်နှင့်နိုင်ငံတော်အကျိုးကို ထမ်းဆောင်နိုင်သူ များ ဖြစ်ကြစေရန် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အပါအဝင် တာဝန်ရှိသူအသီးသီးက လိုအပ်သည်များကို ကူညီဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများကိုလည်း ကာယဗလ၊ ဉာဏ ဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုသည့် ဗလငါးတန်နှင့်ပြည့်စုံသူများဖြစ်အောင် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များသည် အနာဂတ်၏ သားကောင်းရတနာ၊ အနာဂတ်၏ မျှော်လင့်ချက်များ၊ အနာဂတ်တွင်တိုင်းပြည်တာဝန်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် သူများဖြစ်သောကြောင့် အစစအရာတွင် လိုအပ်ချက် နည်းနိုင်သမျှနည်းအောင် တစ်ဦးချင်းစီက ကြိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့ သင်ယူတတ်မြောက်ထားသော ပညာရပ် အသီးသီးဖြင့် ဗလငါးတန်ဖြင့်ပြည့်စုံစွာကာ တိုင်းပြည်တာဝန်များကို ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဆိုသည်မှာ အသိပညာ၊ အတတ်ပညာများအမျိုးမျိုးကို သင်ကြားပို့ချပေးနေသည့် ကျောင်း ကြီးများဖြစ်၍ ကျယ်ပြန့်လှသည့် အသိပညာ၊ အတတ်ပညာများကို သင်ယူကြရင်း တီထွင်ဖန်တီးမှု၊ ဝေဖန်သုံးသပ်တွေးခေါ်မှု၊ သုတေသနဆောင်ရွက်မှုများအပြင် ပေါင်းသင်းဆက်ဆံရေး၊ အကျင့်စာရိတ္တ ကောင်းမွန်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးတို့အတွက် စနစ်တကျလေ့လာသင်ယူကြရန်မှာ ကြားလိုကြောင်း၊ ယခုကဲ့သို့ တက္ကသိုလ်ပေါင်းစုံပြိုင်ပွဲများ ကျင်းပပေးခြင်းအားဖြင့် တက္ကသိုလ်အချင်း ချင်း၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်း ရင်းနှီးချစ်ကြည်မှုများ ရရှိလာပြီး မိမိတို့မှာရှိသော ပင်ကိုယ် အရည်အသွေးများ၊ အစွမ်းအစများကိုလည်း ထုတ်ဖော်ပြသခွင့်ရရှိကြမည်ဖြစ်ကြောင်း၊ ထို့ပြင် တက္ကသိုလ် တစ်ခုနှင့်တစ်ခု၏ မတူညီသောသင်ကြားသင်ယူမှုအခြေအနေများ၊ ဗဟုသုတများကို အမြင်ချင်ဖလှယ်ရယူနိုင်ပြီး မိမိအတွက်၊ ကျောင်းတော်ကြီးအတွက်၊ ဒေသအတွက်၊ ပြည်နယ်မှသည် နိုင်ငံတော်အတွက် ဗလငါးတန်နှင့် ပြည့်စုံ၍ အရည်အချင်း ပြည့်ဝသော ကျောင်းသား၊ ကျောင်းသူများ၊ နောင်တွင် တိုင်းပြည်တာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်နိုင်ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် အကဲဖြတ်ဒိုင်လူကြီးများ၊ ပြိုင်ပွဲဝင်များကနေရာယူကာ ဆန်ကာတင်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၆) ဦးအမည်စာရင်းအားကြေညာ၍ ပြိုင်ပွဲဝင်တစ်ဦးချင်းစီက သင်ဆိုင်ရာ ခေါင်းစဉ်အလိုက် ကျပန်းစကားပြောယှဉ်ပြိုင်ကြပြီး စစ်တွေတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်တို့မှ အနုပညာအသင်းများမှ တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ပေါင်းစုံကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ပြီး တက္ကသိုလ်များမှ အနုပညာအသင်းများအတွက် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ရခိုင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်က ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်လူကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပညာရှင်များအားဂုဏ်ပြု အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြောင်းကြောင်း သတင်းရသည်။

တင်ထွန်း(ပြန်/ဆက်)