မာန်အောင်မြို့နယ် ခအုန်းမော်ရွာသစ်ကျေးရွာရှိ RS to CS မျိုးစေ့ထုတ်စပါးစိုက်ခင်းအား ဓါတ်မြေသြဇာစုပေါင်း ကြဲပက်ပွဲကျင်းပ

မာန်အောင် သြဂုတ်၂၂

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ခအုန်းမော်ကျေးရွာအုပ်စု၊ ခအုန်းမော်ရွာသစ်ကျေးရွာနေ တောင်သူဦးမောင်သိန်း၏ ကွင်းအမှတ် (၈၆၀) (ခ) ဦးပိုင်အမှတ် (၁၂၆) ရှိလယ်ကွက်တွင် RS to CS မျိုးစေ့ထုတ် ဆင်းသုခစပါး စိုက်ခင်း (၅) ဧကအားဓါတ်မြေသြဇာစုပေါင်းကြဲပက်ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါ စပါးစိုက်ခင်း၌ ကျင်းပသည်။

ထိုသို့ ဓါတ်မြေသြဇာကြဲပက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးထွန်းစောမှ တောင်သူများအား ဘိုကာရှီမြေဆွေး သဘာဝ​မြေသြဇာနှင့်ဓါတ်မြေသြဇာ ရောစပ်နည်းများကို ရှင်းလင်းပြသပြီး တောင်သူများက မျိုးစေ့ထုတ်စပါးစိုက်ခင်းအား စုပေါင်းကြဲပက်ကြသည်။

 အဆိုပါ ဓါတ်မြေသြဇာစုပေါင်းကြဲပက်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးဦးမင်းဇော်ဟိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တောင်သူများက တက်ရောက်အားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

သိန်းဖေ (ပြန်/ဆက်)