အမ်း ဩဂုတ် ၂၀
ရခိုင်ပြည်နယ် အမ်းမြို့နယ်၌ ခရိုင်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ကြီးမှူး၍ ဥပဒေရေးရာနှင့် တရားစီရင်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို လေယာဉ်ကွင်းရပ်ကွက် မြို့ဦးကျောင်းဓမ္မာရုံတွင် ယနေ့နေ့လယ်က ကျင်းပခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ခရိုင်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းသီရိကျော်နှင့် အဖွဲ့ဝင် ဒေါ်ဂျူးဂျူးလွင်၊ ဦးဉာဏ်ထွန်းတို့က မြို့ဦးကျောင်းလူငယ် ဖွံ့ဖြိုးရေး ပရဟိတဂေဟာမှ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများအား ပြည်သူများသိသင့်သိထိုက်သော ဥပဒေဆိုင်ရာ အကြောင်းအရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုနှင့်ပတ်သက်၍ သိရှိလိုက်နာသင့်သည့်အချက်များ၊ အခက်အခဲများနှင့် ကြုံတွေ့လာပါက ရင်ဆိုင်ဖြေရှင်းနိုင်ရန် သိသင့်သိထိုက်သော ဥပဒေဆိုင်ရာ အကြောင်းအရာကိစ္စရပ်များ၊ မူးယစ်သောက်စားပြီး ညစ်ညမ်းသည့်စကားဖြင့် ဆဲဆိုခြင်း၊ ရန်ဖြစ်ခြင်း၊ သူတစ်ပါး၏ ဂုဏ်သိက္ခာထိခိုက်စေသည့် အပြုအမှုများ မပြုလုပ်စေရန်၊ အကြင်လင်မယား ကွာရှင်းပြတ်စဲခြင်း ဥပဒေဆိုင်ရာ အကြောင်းအရာကိစ္စရပ်များ၊ ကာမလိမ်လည်မှု ဥပဒေဆိုင်ရာ အကြောင်းအရာကိစ္စရပ်များကို ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းသားကျောင်းသူများနှင့် ဒေသခံပြည်သူများက လင်မယား ကွာရှင်းပြတ်စဲခြင်း ဥပဒေဆိုင်ရာအကြောင်းအရာကိစ္စရပ်များနှင့် ဥပဒေဆိုင်ရာအကြောင်း အရာကိစ္စရပ်များအားမေးမြန်းခဲ့ရာ ခရိုင်ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့မှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ရခိုင်ပြည်နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ထုတ်ဝေသည့် ဥပဒေနှင့်အညီ ခုခံချေပဖို့ နွမ်းပါးပြည်သူ ကူညီကြစို့ လက်ကမ်းစာစောင်အား ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
စိုးမင်းထွန်း