ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူးရေးလုပ်ငန်းများပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်

စစ်တွေ     ဩဂုတ်   ၂၀

ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရန် အတွက် ကွင်းဆင်းကြည့်ရှုပြီး အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့မှ တပ်ဖွဲ့ဝင်နှင့် မိသားစုများတွေ့ဆုံသည်။

ဦးစွာပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မောင်တောမြို့နယ် အောင်သုခကျေးရွာသို့ သွားရောက် ပြီး ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကာလှူဖွယ်ဝတ္ထုများဆက်ကပ်၍ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်မှုကြောင့် ပျက်စီးသွားသောသာသနိကအဆောက်အဦများ၊ နေအိမ်များဆောက်လုပ်ပြီးစီး နေမှု၊ ကျောင်းများ၊ ပြန်လည်ဆောက်လုပ် နေမှုနှင့် လိုအပ်ချက်များကို လျှောက်ထားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးသွားသော ဘုန်းတော်ကြီးကျောင်း ဆောက်လုပ်နေမှုနှင့် နေအိမ်များဆောက်လုပ်ပြီးစီးနေမှုတို့ကို သွားရောက် ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်းဒင်ကျေးရွာသို့သွားရောက်ပြီး မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော စာသင်ကျောင်းများ ဆောက်လုပ်ပြီးစီး နေမှုနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုကို သွားရောက်ကြည့်ရှု အားပေးကြသည်။ ယင်းနောက် ပဲရုံ(နတလ)ကျေးရွာတွင် မုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးသွားသောသာသနိက အဆောက်အဦများ ပြန်လည်ဆောက်လုပ်နေမှုနှင့် ယာယီစာသင်ဆောင်တွင် ကျောင်းသား၊ ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြကာ ကျောင်းသား၊ ကျောင်းသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ကြသည်။  ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်းဒင်ကျေးရွာအနီး (မိုခါ)မုန်တိုင်းသင့် တောင်သူများအတွက် နိုင်ငံတော်မှထောက်ပံ့သည့် ကျားပျံမျိုးစား (၁၀)ဧကစိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက  မိုခါမုန်တိုင်း ကြောင့်ထိခိုက်ခဲ့သည့်ကျေးရွာအုပ်စုများမှ တောင်သူများအား မျိုးစပါးများ ထောက်ပံ့ ပေးထားမှု၊ မောင်တောမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှုနှင့် ထွန်ယက်စိုက်ပျိုးပြီးစီးနေမှုတို့ကို ရှင်းလင်းတင်ပြပြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကျေးရွာ အနီးတွင်စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် ရေချိုသိုလှောင်နိုင်သည့် ချောင်းပိတ်၊ မြောင်းပိတ်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ တောင်သူများအား စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး ဆွေးနွေး ပြောကြား၍ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိုယုကျေးရွာနှင့် ကျောက်ပန္ဒူကျေးရွာများသို့ သွားရောက်ပြီး ကျေးရွာအတွင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော အဆောက်အဦများ ပြန်လည်ဆောက်လုပ်ပြီးစီးမှုနှင့် ယာယီစာသင်ဆောင်များတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးကြပြီး ကျေးရွာသူ၊ ကျေးရွာသားများနှင့် ကျောင်းသား၊ ကျောင်းသူအား စားသောက်ဖွယ်ရာ များပေးအပ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သရေကုန်ဘောင်ကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင်တောင်သူများပူးပေါင်းကာ မျိုးစေ့ထုတ် စိုက်ခင်းဧက(၂၀) အား စုပေါင်းမြေဩဇာ ကြဲပက်ပွဲသို့တက်ရောက်ကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက မြို့နယ်အတွင်းအထွက်နှုန်း ကောင်းသည့် မျိုးစပါးများထောက်ပံ့ပေးထားမှု၊ မိုးစပါးစိုက်ပျိုးမှုနှင့် ထွန်ယက်စိုက်ပျိုးပြီးစီးနေမှုတို့ကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျေးရွာတောင်သူများနှင့် တွေ့ဆုံပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် လိုအပ်သည့်နည်းပညာနှင့် အကူအညီများ ပေးနိုင်ရေးဆွေးနွေးပြောကြား၍ တောင်သူများ၏တင်ပြချက်များကို တာဝန်ရှိသူများ နှင့်ပေါင်းစပ်ညှိနှိုင်းပေးပြီး စုပေါင်းမြေဩဇာကြဲပက်နေမှုကို လှည့်လည်ကြည့်ရှုကြကာ တောင်သူများနှင့် ကျန်းမာရေးဝန်ထမ်းများအား စားသောက်ဖွယ်ရာ များပေးအပ်ခဲ့ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့(ကျီးကန်းပြင်)ရှိ နေမျိုးခန်းမ၌ တပ်ဖွဲ့ဝင် များနှင့် တပ်ဖွဲ့ဝင်မိသားစုများအားတွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အနေဖြင့် ရှေ့လုပ်ငန်းစဉ်နှင့်အညီ လက်ရှိအခြေအနေတွင် တည်ငြိမ်မှုနှင့်တရားဥပဒေစိုးမိုးရေးကို ယခင်ကထက် လုပ်ဆောင်နိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥဒေစိုးမိုးရေးကို လုပ်ဆောင်နေသကဲ့သို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်သည် တည်ငြိမ်အေးချမ်းပြီး အခြေအနေကောင်းတရပ်ကိုရရှိနေသည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် တည်ငြိမ်အေးချမ်းမှု ပိုမိုရရှိနိုင်ရေးအတွက် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကလည်း ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီးဆောင်ရွက်ပေးကြစေလိုကြောင်း၊ တပ်ဖွဲ့ဝင်များနှင့် မိသားစုများအနေဖြင့်လည်း အချင်းချင်း စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းနေထိုင်ကြစေလိုကြောင်း၊ အနောက်ဖက်တံခါး၏ လုံခြုံရေးအတွက် ကြီးလေးသည့် တာဝန်ထမ်းဆောင်နေကြသူများဖြစ်သည့် အတွက် စည်းစည်းလုံးလုံးဖြင့် ဆောင်ရွက်ကြစေလိုကြောင်းနှင့် ဒေသမှာနေထိုင်ကြသည့် တိုင်းရင်း သားများ၏ လူမှုစီးပွားဘဝတိုးတက်ရေးအတွက်လည်း တိုင်းရင်းသားများ၏ အကျိုးကို ဝိုင်းဝန်ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က တပ်ဖွဲ့ဝင်နှင့်မိသားစုဝင်များအတွက် ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများကိုပေးအပ်ပြီး တွေ့ဆုံပွဲသို့ တက်ရောက်လာကြသည့် တပ်ဖွဲ့ဝင်နှင့် မိသားစုဝင် များအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘူးသီးတောင်မြို့၊ ဦးဥတ္တမခန်းမ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိ၊ ရပ်ဖများနှင့်တွေ့ဆုံပွဲသို့တက်ရောက်ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်ဝင်းက မြို့နယ်အတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တက်ရောက်လာကြသည့် စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ မွေးမြူရေး လုပ်ငန်းရှင်များက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထား ဆောင်ရွက်နေသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ အဓိကအားဖြင့် စားရေရိက္ခာဖူလုံရေးသည် အဓိကဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်သည်တည်ငြိမ်အေးချမ်းပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များကို တိုးချဲ့လုပ်ကိုင်နိုင်သည့် အခြေအနေများစွာ ရှိနေသည့် ပြည်နယ်တစ်ခုဖြစ်ကြောင်း၊ ဘူးသီးတောင် မြို့နယ်သည်လည်း ရေခံမြေခံကောင်းပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကို လုပ်ကိုင်နေသည့် မြို့နယ်တစ်ခု ဖြစ်ကြောင်း၊ ယခုအချိန်တွင် မြို့နယ်တစ်ခု၊ ထုတ်ကုန်တစ်ခု ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများကို တိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် အထွက်နှုန်းကောင်း သည့် မျိုးကောင်းမျိုးသန့်များဖြန့်ဝေ ပေးထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာဌာနများမှ ဝန်ထမ်းများကလည်း ကွင်းဆင်းကာပြည်သူများနှင့် ထိတွေ့ပြီးပြည်သူများ၏ လိုအပ်ချက်များ၊ လိုအပ်သည့်နည်းပညာများကို ပံ့ပိုးကူညီပေးကြစေလိုကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းရှင်များကလည်း ယခုထက်ပိုမိုတိုးချဲ့ စိုက်ပျိုးမွေးမြူနိုင်ရေး အထွက်နှုန်းကောင်းမွန်ရေးတို့ကို ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့်ကူညီထောက်ပံ့မှုများကို ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းများ အနေဖြင့်လည်းမြို့နယ်၏ အကျိုး၊ ဒေသ၏ အကျိုးကိုဖွံ့ဖြိုးတိုးတက်အောင် ဌာနအချင်းအချင်း ပူးပေါင်းကာဆောင်ရွက်ကြစေ လိုကြောင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဘူးသီးတောင်မြို့နယ်အတွက် ခြင်ဆေးဖြန်းစက် တစ်လုံးအားပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်က ဘူးသီးတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအတွက် ထောက်ပံ့ငွေများကို ပေးအပ်ကြပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများ အားရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘူးသီးတောင်မြို့နယ် နန်းရာကုန်းကျေးရွာ၌ မိုးစပါးမျိုးစေ့ထုတ် ၈၅ ဧကတွင် ယူရီးယားနှင့် စူပါဘိုကာရှီမြေဩဇာ ကြဲပက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ တောင်သူများအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြကြောင်းသတင်းရရှိ သည်။

တင်ထွန်း(ပြန်/ဆက်)