အမ်း ဩဂုတ် ၁၈
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းသင်တန်းကျောင်းနှင့် ပူးပေါင်း၍ ယနေ့နေ့လည်အချိန်တွင် စာဖတ်ရှိန် မြှင့်တင်ရေးစာဖတ်ဝိုင်းကို အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက သင်တန်းသူလူငယ်များ၏ ကာယ၊ဉာဏ၊စာရိတ္တများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် စာဖတ်ရှိန် မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းများ ကျင်းပပေးခြင်းဖြစ်ကြောင်း သင်တန်းသူလူငယ်များ သင်တန်းပြီးဆုံးပြီးက မိမိရပ်ရွာဒေသ အခြားအခြားသော နေရာဒေသတို့၌ တာဝန်ထမ်းဆောင်နေစဥ် ကိုယ်တိုင်လေ့လာခြင်းဖြင့် တိုးတက်မှု ရရှိအောင်မြင်အောင် ပြုလုပ်ခြင်း၊ အသစ်တဖန် ဆန်းသစ်ခြင်း စဉ်ဆက်မပြတ် တိုးတက်မှုကို ရယူနိုင်ပြီး အမှားများကို ကြောက်ရွံ့ခြင်းမရှိဘဲ အမှားများမှ သင်ခန်းစာယူကာ လေ့လာသင်ယူခြင်းဖြင့် မိမိတို့၏ ဘဝအတွက် ပိုမိုကောင်းမွန်သော ရည်မှန်းချက်သို့ လှမ်းတက်နိုင်စေရန်နှင့် ဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးသည့် အချိန်၌ အလေ့အထများ ရရှိစေပြီး စဉ်းစားတွေးခေါ်နိုင်မှု စွမ်းရည်များ ရင့်သန်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန် မြှင့်တင်ရေး စာဖတ်ဝိုင်းကို ကျင်းပပေးခဲ့ပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းသင်တန်းကျောင်း အမှတ်စဥ် (၆)မှ သင်တန်းသူများက ကြိုက်နှစ်သက်ရာ စာအုပ်များအား ဖတ်ရှုစေပြီး မှတ်မိသမျှ သူတို့အမြင်များအား အပြန်အလှန် ဆွေးနွေးကြကာ စာအုပ်ပါ အကြောင်းအရာများမှ သိရှိလိုသည်များအား မေးမြန်းရာ ဦးစီးအရာရှိ ဦးစန်းဝင်းက အကြောင်းအရာ တစ်ခုချင်းစီအား ခြုံငုံသုံးသတ်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခြင်းနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ပါ အကြောင်းအရာများအား ရှင်းလင်းပြောကြားကာ သင်တန်းသူများအား "လူပြောတိုင်းအယုံမလွယ်မိစေရန်နှင့် ငွေရလွယ်သော နည်းလမ်းများကို သတိထားရှောင် ရှားကြရန်" သတိပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)