ပုဏ္ဏားကျွန်း ၊ ဩဂုတ် ၁၈
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့၊ မွန်းလွဲပိုင်းက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ မဟာပညာကျော်ခန်းမ၌ကျင်းပခဲ့သည်။
ရှေးဦးစွာ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးကျော်နုက အဖွင့်အမှာစကားပြောကြားပြီး၊ “မိုခါ”မုန်တိုင်းလွန်ကာလ၏ နောက်ဆက်တွဲရောဂါများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ်တာဝန်ခံ ဒေါက်တာသူရိန်ထွန်းက အထွေထွေကျန်းမာရေးဗဟုသုတ သိမှတ်ဖွယ်ရာများနှင့်ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကျန်းမာရေးမှူးဦးစိုးထက်ကိုက “လူငယ်နှင့်မူးယစ်ဆေးဝါး” ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် ကျန်းမာရေးမှူးဦးသူရိန်ဦးက ကျောင်းကျန်းမာရေးအတွက် အာဟာရဖွံ့ဖြိုးမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ ကျန်းမာရေးသူနာပြုဆရာမကြီး ဒေါ်ခင်ဝင်ညိုက တုပ်ကောင်၊ သန်ကောင်များကြောင့် ဖြစ်ပွားတတ်သည့် ရောဂါများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးကျော်နု၊ မိုခါမုန်တိုင်းလွန်ကာလ၏ နောက်ဆက်တွဲရောဂါများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ ဒေါက်တာသူရိန်ထွန်းနှင့် ကျန်းမာရေးမှူးများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ၊ ဆရာမများ၊ Grade-9 နှင့် Grade-10 ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး၊ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်း၊ သံဓာတ်အားဆေးပြား တိုက်ကျွေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင် (ပြန်/ဆက်)