နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (မင်းပြား)၌ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မင်းပြား သြဂုတ် ၁၇

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း(မင်းပြား)၌  မင်းပြားမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နေ့လည်  ၁  နာရီက အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မင်းပြားမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမောင်အေးက သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးပြုနေသည့် ပလတ်စတစ် သုံးစွဲမှုလျှော့ချရေးနှင့် စွန့်ပစ်ပစ္စည်းများအား ပစ္စည်းသစ်ပြုပြင်အသုံးပြုရေး၊ ရာသီဥတုပြောင်းလဲလာမှုနှင့် ​ဖြေရှင်းရန်နည်းလမ်းများအား  အသိပညာပေး ဟောပြောသည်။ ဆက်လက်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမောင်သန်းဝင်းက စားသုံးသူများ အကာအကွယ်ပြုရေးအတွက် လုပ်ငန်းရှင်နှင့် စားသုံးသူပြည်သူများအကြား သိရှိလိုက်နာသင့်

သည့် အချက်အလက်များ၊ ဖြေရှင်းနိုင်ရန် နည်းလမ်းများအား အသိပညာပေး ဟောပြောကြရာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ မြောက်ဦးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးလှထွန်း၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်နှင့် သင်တန်းနည်းပြများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ကြပြီး ကျောင်းသား၊ကျောင်းသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းကြကြောင်း သိရသည်။

သောင်းရွှေ (ပြန်/ဆက်)