စစ်တွေ ဩဂုတ် ၁၇
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးထိန်လင်းသည် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာညှိနှိုင်းရေးမှူး Mr. Martin Griffiths ဦးဆောင်သောအဖွဲ့ကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)မတိုက်ခတ်မီ ကြိုတင်ပြင်ဆင်မှုများ၊ မုန်တိုင်းအလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)အတွေ့ အကြုံများအပေါ်အခြေခံ၍ ရခိုင်ပြည်နယ်အတွင်း ဘေးလွတ်ရာနေရာများဆောက်လုပ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ရန်၊ လူသားချင်းစာနာမှုဆိုင်ရာကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် လိုအပ်ချက်ရှိနေသူများထံသို့ အကူအညီပေးရာတွင် ပုံမှန်သွားရောက် ကူညီနိုင်ရေးအတွက် ခရီးသွားလာခွင့်တိုးမြှင့်နိုင်ရန်၊ လူမှုအသိုင်းအဝန်းနှစ်ခုကြား လူမှုသဟဇာတဖြစ်မှုနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရန် စသည့်ကိစ္စများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထား မှုဆိုင်ရာနှင့်အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာညှိနှိုင်းရေးမှူး Mr. Martin Griffiths၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan၊ ရန်ကုန်မြို့ UNOCHA ရုံးအကြီးအကဲ Mr. Sajjad Mohammad Sajidနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)