မြောက်ဦးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဝင်ရောက်သော မြေနိမ့်ပိုင်းရပ်ကွက်ရှိ အိမ်ထောင်စုများအား တာဝန်ရှိသူများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်

မြောက်ဦး ဩဂုတ် ၇

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်တွင် ဩဂုတ်လ (၁) ရက်နေ့မှ ဩဂုတ်လ (၇) ရက်နေ့အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များတွင် မိုးရေ (၃) ပေခန့်အထိ မြင့်တက် လာခဲ့ကြောင်းသိရသည်။

အဆိုပါ မိုးရေဝင်ရောက်သော မြောက်ဦးမြို့ လက်ကောက်ဈေးရပ်ကွက် မြတန်ဆောင်း ယာယီ နေရပ်ခိုလုံရာစခန်းနှင့် ဆင်ချဆိပ်ရပ်ရှိ အိမ်ထောင်စု (၂၄၆)စု၊ ကျား (၅၉၆) ဦး၊ မ (၆၁၃) ဦး၊ စုစုပေါင်း (၁၂၀၉) ဦးတို့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်မီးသတ် ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များက မြောက်ဦးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့်  ရေလွတ်သည့် နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များသို့ ပြောင်းရွှေ့ပေးခဲ့ပြီး လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြောက်ဦးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လေးမြို့မြစ်ရေ မြင့်တက်လာမှုနှင့် အတူ ပိုးဖြူကျွန်း၊ မြက်ရိတ်ကျွန်း၊ မြောင်းဘွေနှင့် ဂုံးကျွန်းစသည့် ကျေးရွာများတွင်လည်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။

ဖြိုးမောင်မောင် (မြောက်ဦး)