စစ်တွေမြို့တွင် ဌာဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကွင်းဆင်းဆောင်ရွက်

စစ်တွေ ဩဂုတ် ၇

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ် ပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စက်ရုံစုရပ်ကွက်၊ ရပ်ကွက်သူ/သားများနှင့် တွေ့ဆုံကြသည်။

ဦးစွာ အဆိုပါ ပူးပေါင်းအဖွဲ့သည် စက်ရုံစုရပ်ကွက် ဓမ္မာရုံ၌ ရပ်ကွက်သူ/သားများနှင့်တွေ့ဆုံရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးစိန်မြင့်က စစ်တွေမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်ခဲ့မှုဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကူညီကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူးပေးနေမှု၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များကို တွေ့ဆုံဆွေးနွေးရန်၊ ကူညီကယ်ဆယ်ရေးနှင့် ထောက်ပံ့ပစ္စည်းများ ပြည်သူများ လက်ဝယ်ရောက်ရှိခြင်း ရှိ၊မရှိနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရန် မြေကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တွင် ပါဝင်ကြသည့် ဌာနဆိုင်ရာများက မိမိတို့ဌာန အလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးပြောကြားကြပြီး ကျေးရွာသူ၊ ကျေးရွာသားများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးစိန်မြင့်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မြင့်စိုး(ပြန်/ဆက်)