ရခိုင်ပြည်နယ် မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်

မောင်တော ဩဂုတ် ၇

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ရုံးနှင့် သတ်မှတ်စုရပ်နေရာတို့တွင် ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးလျက်ရှိကြသည်။  

ထိုသို့ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုင်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ထမ်းများမှ  ရပ်ကွက်ကျေးရွာများရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက် (၂) နှစ်အောက် ကလေးများ အား  အဆုတ်ရောဂါကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင် အသားဝါ၊ ဦးနှောက် အမြှေးရောင်၊ နမိုးနီးယားကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေးနှင့် ထိုးဆေး၊ မေးခိုင်ရောဂါကာကွယ်ဆေး၊ ဝမ်းရောဂါကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို အလှည့်ကျစနစ်ဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။ အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မောင်တောမြို့နယ်အတွင်းရှိ အသက် (၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဝန်ထမ်း ဆရာမများက အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက်၊ ကျေးရွာများရှိ စုရပ်အသီးသီးတွင် ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး  အပတ်စဉ် တနင်္လာနေ့တိုင်း မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ရုံးတွင်လည်း ထိုးနှံပေးလျက်ရှိကြောင်း  သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်