စစ်တွေ ဩဂုတ် ၆
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက တောင်ကုတ်ခရိုင်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ်၊ ကင်းတောင်ကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့်ပူးပေါင်းပြီး တစ်ဧကအထွက်နှုန်း တင်း(၁၀၀) ထွက်ရှိရေးအတွက် အထွက်နှုန်းကောင်းသည့် ဆင်းသုခမျိုးစပါးများအား စံပြစိုက်ကွက် စိုက်ပျိုးသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကြသည်။ ထိုသို့ကြည့်ရှုစဉ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက မြို့နယ်အတွင်း မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးပြီးစီးမှုအခြေအနေ၊ မိုးသီးနှံစိုက်ပျိုးမှုအခြေအနေနှင့် မိုးစပါးစိုက်ပျိုးပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဦးစီးမှူး ဦးထွန်းမြင့်က ဖြည့်စွက်ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားကာ စံပြစိုက်ကွင်း စိုက်ပျိုးအောင်မြင်နေမှုကို လှည့်လည်ကြည့်ရူ ကြသည်။ ယင်းနောက် တောင်သူများနှင့်တွေ့ဆုံ၍ စိုက်ပျိုးရာသီအချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ လိုအပ်သည့်နည်းပညာများအား စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ဒေသဝမ်းစာဖူလှုံရေးအပြင်စီးပွားဖြစ် တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် မိုးစပါးစိုက်ပျိုးပြီးချိန်တွင် ဆောင်းသီးနှံများတိုးချဲ့ စိုက်ပျိုးနိုင်ရေး ဆွေးနွေးမှာကြားပြီး တောင်သူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လမူးမော်တိုက်နယ်ဆေးရုံသို့ သွားရောက်ပြီး ကျန်းမာရေးဝန်ထမ်းများအား အားပေးစကားပြောကြား၍ ဝန်ထမ်းများကို စားသောက် ဖွယ်ရာများပေးအပ်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအီမြို့၊ သဒွန်ကျေးရွာ၌ တောင်သူ ဦးမောင်တင်ဝေ၏ လယ် ၇ ဧကတွင် ဆင်းသုခစပါးမျိုး မျိုးစေ့ထုတ်စိုက်ခင်း ၅ ဧကနှင့် Seeder စံပြ စိုက်ခင်း ၂ ဧက စိုက်ပျိုးထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးကာ တောင်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအီမြို့၊ သဒွန်ကျေးရွာအုပ်စု စံကောပြင်ကွင်း၌ မွေးမြူရေးလုပ်ငန်းရှင် ဦးစိုးကျော်လင်း၏ ဥစားကြက်မွေးမြူရေးခြံသို့ သွားရောက် ကြည့်ရှုအားပေးကြရာ မွေးမြူရေးလုပ်ငန်းရှင်က ဥစားကြက်များမွေးမြူထားရှိမှု၊ ကြက်ဥများထွက်ရှိ ရောင်းချနေမှုနှင့် တိုးချဲ့မွေးမြူနိုင်ရေးအတွက် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအီမြို့၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့(၁၈) ပြင်ဝန်းရှင်းလင်းဆောင်သို့ရောက်ရှိရာ လမ်းအထူးအဖွဲ့(၁၈) ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးရဲမင်းမောင်က ရခိုင်ပြည်နယ်အတွင်း လမ်းအထူးအဖွဲ့(၁၈)မှ တာဝန်ယူဆောင်ရွက်လျှက်ရှိသော လမ်းမကြီး(၄) လမ်း၏အခြေအနေများ၊ စံချိန်တင်မိုးရေချိန်အခြေအနေများနှင့် လမ်းမကြီးများတွင် လမ်းလုပ်ငန်းများ၊ ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်၊ ပြည်ထောင်စုရန်ပုံငွေများဖြင့် ဆောင်ရွက်မည့်လမ်းလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီး သက်လွင်က ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်တွင် ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းချက်များနှင့် အညီစနစ်တကျဆောင်ရွက်ရေး၊ မိုးရာသီကာလဖြစ်သည့်အတွက် လမ်း၊ တံတားများ ကောင်းမွန်ရေးနှင့် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ သွားလာနိုင်ရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်သွားကြရန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံပွဲသို့တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံထားသည့် ပြည်နယ်တစ်ခုဖြစ်ခြင်းကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေး၊ အောင်မြင်ဖြစ်ထွန်းနိုင်ရေးအတွက် ကွင်းဆင်းကြပ်မတ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့အတူ ပညာရေး၊ ကျန်းမာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်အတွက်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ မအီမြို့တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင်ဌာနက ချမှတ်ထားသည့် ရည်မှန်းချက်တာဝန်များ ပြီးမြောက်အောင်ဆောင်ရွက်နေကြသူများဖြစ်ကြောင်း၊ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ပြည်သူများ၏အကျိုးကို သယ်ပိုးရွက်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ပြည်သူများနှင့်ထိတွေ့ပြီး ဒေသအကျိုးကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများ၊ ပြည်သူလူထုများကပါ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ပြည်သူများနှင့်ထိတွေ့ကာ ပြည်သူများ၏အသံ၊ ပြည်သူများ၏ ဆန္ဒကိုနားထောင်ပြီး မြို့ဖွံ့ဖြိုးရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ထို့အတူနိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီနေထိုင် လုပ်ကိုင်သွားကြရန်လည်း တိုက်တွန်းပြောကြားလိုကြောင်း၊ မိမိတို့မြို့တွင် တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအချင်း ချင်းမြို့၏အကျိုး၊ ဒေသ၏အကျိုးကို မိသားစုကဲ့သို့ စည်းစည်းလုံးလုံးဖြင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားသည်။
ယင်းနောက် မြို့မိ၊ မြို့ဖများက မြို့အတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)