မောင်တော ဩဂုတ် ၆
ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တစ်ပိုင်တစ်နိုင်မွေးမြူရေးခြံ၊ ငါးပုဇွန်ကန်များနှင့် ငါးသားပေါက်စခန်းအား ယနေ့နံနက်ပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦး၊ ခရိုင်အဆင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များနှင့်အတူ ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ၄ မိုင်ရပ်ကွက်ရှိ တစ်ပိုင်တစ်နိုင်ဒေသကြက်နှင့် ဒေသနွားများ မွေးမြူထားရှိသော ခြံနှင့် ရွှေဇားကျေးရွာအုပ်စုရှိ ငါး၊ ပုဇွန်များ တစ်နိုင်တစ်နိုင်မွေးမြူရေးကန်များသို့ သွားရောက်ကြည့်ရှုအားပေးပြီး ခြံပိုင်ရှင်များနှင့် တာဝန်ရှိသူများက မွေးမြူထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ လိုက်လံရှင်းလင်း ပြသခဲ့ကာလိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနေဦးနှင့် တာဝန်ရှိသူများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့သူကြီး တစ်ပိုင်တစ်နိုင် ရေချိုငါးသားဖောက်စခန်း သွားရောက်ကြည့်ရှုအားပေးပြီး ရေချိုငါးသားဖောက်စခန်းအတွင်းရှိ ငါးသားပေါက်များ မွေးမြူထားရှိမှုနှင့် မွေးမြူထားရှိပုံအဆင့်ဆင့်အား တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြကာ လိုအပ်သည်များအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်လွင်စိုး၊အောင်ကျော်စိန်