စစ်တွေ ဩဂုတ် ၆
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သံတွဲခရိုင်နှင့် တောင်ကုတ်ခရိုင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဩဂုတ်လ ၄ ရက်နေ့ညနေပိုင်းတွင် သံတွဲမြို့၊ သိမ်ကုန်းကျောင်းတိုက် ဆရာတော်အား ဖူးမြှော်ကြည်ညိုကာ သာသနာရေးဆိုင်ရာများလျောက်ထားပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငပလီမြို့၊ ဂျိတ္တောရပ်ကွက်ရှိ ပုလဲရတနာဘုန်းတော်ကြီးသင်ကျောင်းသို့ သွားရောက်ပြီး ကျောင်းထိုင် ဆရာတော်ကြီးအားဖူးမြှော်ကာ ဘုန်းတော်ကြီးသင်ကျောင်းအတွက် လိုအပ်သည်များကို မေးမြန်းလျောက်ထား၍ ကျောင်းရှိ သံဃာတော်များနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထုများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သံတွဲမြို့နယ်၊ အလယ်ရွာကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများနှင့် ပူးပေါင်းပြီး တစ်ဧက တင်း(၁၀၀) ထွက်ရှိရေးအတွက် အထွက်နှုန်းကောင်းသည့် မျိုးစပါး GW – 11နှင့် ဆင်းသုခ မျိုးစပါးများအား စံပြစိုက်ကွက် သရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စံပြကွက်ဖော်ဆောင်ခြင်းနှင့် တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို လမ်းညွှန်မှာကြားပြီး တောင်သူများနှင့်တွေ့ဆုံကာ စိုက်ပျိုးရာသီအချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေးနှင့် လိုအပ်သည့် နည်းပညာများအား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရေးမှာကြားကာ တောင်သူများ အားစားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ်၊ အဘေကျေးရွာ၌ မွေးမြူရေးလုပ်ငန်းရှင် ဦးတင်မောင်ဌေး၏ TMP ကဏန်းပျော့မွေးမြူရေးလုပ်ငန်းသို့ သွားရောက်ကြည့်ရှုအားပေးကြရာ မွေးမြူရေးလုပ်ငန်းရှင်မှ ကဏန်းပျော့များမွေးမြူထုတ်လုပ်နေမှု၊ ထွက်ရှိလာသော ကုန်ကြမ်းများအား သံတွဲမြို့ရှိအအေးခန်းစက်ရုံတွင် ကုန်ချောများပြုလုပ်ကာ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချနေမှုနှင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး ကဏန်းပျော့မွေးမြူရေးကန်များအား လှည့်လည်ကြည့်ရှုအားပေးကာ ကဏန်းပျော့မွေးမြူရေး ကန်အနီး ဇီဝစိုးငှက်မွေးမြူ၍ ငှက်သိုက်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ်၊ သက္ကယ်ပြင်ကျေးရွာ၌ အကျိုးဆောင်တောင်သူများဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဆင်းသွယ်လတ်စပါး မျိုးစေ့ထုတ်စိုက်ခင်း ၁၅ ဧကစိုက်ပျိုးပြီးစီးအောင်မြင်နေမှုအား သွားရောက်ကြည့်ရှုအားပေးကြရာ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးက မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုအခြေအနေများ၊ စိုက်နည်းစနစ်အလိုက် စိုက်ပျိုးထားရှိမှုများ၊ အထွက်နှုန်းကောင်းသည့် စပါးမျိုးများဖြန့်ဖြူးထားရှိမှု အခြေအနေများနှင့် မိုးစပါး မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးထားရှိမှုများကိုရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးစနစ်မှန်ကန်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေးတို့အတွက် တိုးချဲ့စိုက်ပျိုးနိုင်ရေးဆွေးနွေးပြောကြားပြီး တောင်သူများအား စားသောက်ဖွယ်ရာ များပေးအပ်ကြကာ မျိုးစေ့ထုတ်စိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ် မုတ်ကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုအား သွားရောက်ကြည့်ရှုအားပေးကြပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား စားသောက်ဖွယ်ရာ များပေးအပ်ကြသည်။
နေ့လယ်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်တက္ကသိုလ်၌ သတ္တဗေဒမိသားစု အာစရိယပူဇော်ပွဲ၊ ထူးချွန်ဆုချီးမြှင့်ပွဲနှင့် မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကြရာ ကျောင်းသား၊ ကျောင်းသူများက တေးသီးချင်းများဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအား ပညာကြိုးစားသင်ယူကြရန်၊ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်အောင် နေထိုင်ကြရန်နှင့် ဘာသာတရားကိုင်းရှိုင်းကာ မိမိဘဝတိုးတက်ရေးအတွက် ကြိုးစား၍ ပညာသင်ယူကြရန် အမှာစကားပြောကြားပြီး တက္ကသိုလ်အတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ကုတ် တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမဆောက်လုပ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့၊ ကိုင်းရှည်ရပ်ကွက်စေတျာရာမ ဘုန်းတော်ကြီးကျောင်းတိုက်၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ သို့တက်ရောက်ကြသည်။ အခမ်းအနားတွင် စေတျာရာမဘုန်းတော်ကြီး ကျောင်းတိုက်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ နိုင်ငံတော်ဩဝါဒစရိယ၊ ဘဒ္ဒန္တသူရိယဓဇထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များထံသို့ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။
မွန်းလွဲ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကုတ်မြို့နယ်ခန်းမ၌ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။ တွေ့ဆုံပွဲတွင် တောင်ကုတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးကျော်မြင့်လှိုင်က တောင်ကုတ်ခရိုင်၏ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဆိုင်ရာအချက်အလက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာဆိုင်ရာများက ပြန်လည်ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက တောင်ကုတ်ခရိုင်သည် ဖွံ့ဖြိုးတိုးတက်လာသည် နှင့်အမျှ မြို့နယ်အဆင့်မှ ခရိုင်အဆင့်သို့ တိုးတက်လာခြင်းဖြစ်ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်အေးချမ်းမှုရှိရန်လိုအပ်မည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်း လာသည်နှင့်အမျှဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သကဲ့သို့ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ တည်ငြိမ်အေးချမ်းလာမည်ဖြစ်ကြောင်း၊ တောင်ကုတ်ဒေသသည် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် စည်းစည်းလုံးလုံးပူးပေါင်းဆောင်ရွက် နေကြသည်ကိုတွေ့ရှိရသည့်အတွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာကောင်းရှိသော ခရိုင်တစ်ခုဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို သိရှိနိုင်ရန်အတွက် ကျေးရွာများအရောက်ကွင်းဆင်းပြီး ဒေသခံပြည်သူများနှင့်ထိတွေ့ကာ လိုအပ်ချက်များကိုဆွေးနွေးပြီး နှစ်အလိုက်စီမံကိန်းရေးဆွဲတင်ပြနိုင်ရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) တိုက်ခတ်ပြီးနောက် ပြန်လည်ထူထောင်ရေး ဆောင်ရွက်သည့်အခါ နိုင်ငံတော်အကြီးအကဲက ယခင်အခြေအနေထက် သာလွန်ကောင်းမွန်အောင်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားထားပါကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ဌာန၏ မူလတာဝန်များကို ယခင်ထက်သာလွန်ကောင်းမွန်အောင် ဆောင်ရွက်သွားကြမည်ဆိုလျင်ပိုမို တိုးတက်လာမည်ဖြစ်ကြောင်း၊ ကြိုးစားဆောင်ရွက်ကြရန်လည်း တိုက်တွန်းပြောကြားလိုကြောင်း၊ မိုးစပါးစိုက်ပျိုးရာသီတွင် ယခင်ထက်အထွက်နှုန်း ကောင်းမွန်ရေးအတွက် အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များကို ဖြန့်ဝေထားပြီး ထွန်ယက်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း၊ အထွက်နှုန်းကောင်းမွန်ရေးအတွက် စိုက်နည်းစနစ်မှန်ကန်စေရေး လိုအပ်သည့် နည်းပညာများ၊ ပံ့ပိုးပေးရမည့်ကိစ္စရပ်များကို သက်ဆိုင်ရာဌာနများက မြေပြင်ကွင်းဆင်းပြီး ပြည်သူများနှင့် ထိတွေ့ဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ ထို့အတူ ဒေသတစ်ခု ထုတ်ကုန်တစ်ခု ထွက်ရှိနိုင်အောင် ကြိုးစားလုပ်ဆောင်ကြစေလိုကြောင်း၊ အသေးစား၊ အလတ်စား၊ အငယ်စား ထုတ်ကုန်များထုတ်လုပ်နိုင်ရေး အားပေးလုပ်ဆောင်သွားရမည်ဖြစ်ကြောင်း၊ ခရိုင်အတွင်းရှိ မြို့နယ်များ၊ ရုံးများတွင် အုန်းပင်များ၊ အရိပ်ရပင်များ၊ လေကာပင်များနှင့် ဒေသအတွက်အကျိုးရှိသည့်အပင်များကို စိုက်ပျိုးကြစေလိုကြောင်း၊ အလားတူဟင်းသီးဟင်းရွက် စားသုံးမှုဖူလုံစေရန်အတွက် မိမိအိမ်ခြံဝန်းအတွင်း တပိုင်တနိုင်စိုက်ပျိုးသွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးပြီးသစ်ပင်များကိုလည်း ရှင်သန်ကြီးထွားအောင် ပြုစုပေးကြရမည်ဖြစ်ကြောင်းနှင့် ဌာနဆိုင်ရာအချင်းချင်းပူးပေါင်းကာ ခရိုင်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးကြစေလိုကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)