ပုဏ္ဏားကျွန်းမြို့နယ်တွင် ဌာနဆိုင်ရာများက ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပုဏ္ဏားကျွန်း ဩဂုတ် ၄

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ ဌာနဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့၊ နံနက်ပိုင်းက  ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်ပြီးနောက်ပိုင်းတွင် ပြန်လည်ထူထောင်ရေးနှင့် ကျေးရွာများ၏ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေးအတွက် ကျောက်ဆိပ်ကျေးရွာနှင့် ယိုးငူကျေးရွာများသို့ ကွင်းဆင်း၍  ကျေးရွာသူ၊ ကျေးရွာသားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ရှေးဦးစွာ အဆိုပါပူးပေါင်းအဖွဲ့သည် ကျောက်ဆိပ်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံကျေးရွာသားများနှင့် တွေ့ဆုံစဉ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂) ဦးကျော်နုတို့က ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှု၊ လေဘေးသင့်ပြည်သူများကို ဦးစားပေးအဆင့်အလိုက် ကူညီကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဖြူးပေးနေမှု၊ ကူညီကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပေးသောပစ္စည်းများကို ပြည်သူများလက်ခံရရှိခြင်းရှိ/မရှိနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များကို ထပ်မံဖြည့်ဆည်းပေးနိုင်ရေးအတွက် မြေပြင်ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ကြ သည်။

အလားတူ မွန်းလွဲပိုင်းတွင် ယိုးငူကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဒေသခံကျေးရွာသူ၊ ကျေးရွာသားများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြပြီး၊ ကျေးရွာသူ၊ ကျေးရွာသားမျာက ကျေးရွာ၏လိုအပ်ချက်များအား ရှင်းလင်းတင်ပြပေးကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကက ကျောက်ဆိပ်ကျေးရွာ ဘုရားဓမ္မာရုံခေါင်မိုးနှင့် သုသာန်ဇရပ်အတွက် ခေါင်မိုးသွပ်ပြား ၁၀ ပေ အချပ်(၈၀)၊ ယိုးငူကျေးရွာ လူငယ်အားမာန်စာကြည့်တိုက်အတွက် သွပ်ပြားအချပ်(၂၀)တို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)