မြေပုံမြို့၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အသက် (၂)လမှ (၂)နှစ် အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် မိခင်နို့တိုက်ကျွေးရေး အသိပညာပေးဟောပြောခြင်း ဆောင်ရွက်

မြေပုံ  ဩဂုတ် ၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌ မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ အသက် (၂)လမှ (၂)နှစ် အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် မိခင်နို့တိုက်ကျွေးရေး အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ပြုလုပ်သည်။

လစဉ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်ရာ၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်ကလေးစောင့်ရှောက်ရေးအသင်းဝင်များတို့မှ ဝိုင်းဝန်းကူညီကာ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက် (၂)လမှ (၂)နှစ် အောက်ကလေးငယ်များအား အဆုတ်ရောဂါ ကာကွယ်ဆေး၊ ဆုံဆို့၊ ကြက်ညှာ၊ အသည်းရောင်/ အသားဝါ ၊ ဦးနှောက်အမှေးပါးရောင်၊ နမိုနီးယား ရောဂါကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။

ထို့နောက် မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ နို့တိုက်မိခင်များအား အသိပညာပေးဟောပြောခြင်း ဆောင်ရွက်ရာ၌ နို့တိုက်ပုံနည်းစနစ်များ၊ အသက် (၆)လအောက် ကလေးငယ်များအား မိခင်နို့ (၁) ခုသာ တိုက်ကျွေးကြရန်နှင့် ရေတိုက်ကျွေးခြင်းမပြုကြရန်၊ သတ်မှတ်လအလိုက် ကလေးငယ်များ အား ဖြည့်စွက် အစာကျွေးကြရန် အသိပညာပေးဟောပြောသည်။

ထိုနည်းတူစွာ မြေပုံမြို့နယ်အတွင်းရှိ ကျေးရွာများ၌လည်း ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် သတ်မှတ်စုရပ်နေရာများ၌ တာဝန်ရှိကျန်းမာရေးဝန်ထမ်းများက ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အသက် (၂)လမှ (၂)နှစ် အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်း နှင့် မိခင်နို့တိုက်ကျွေးရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တင်ဝင်း