ကျောက်ဖြူအကျဉ်းထောင်မှ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသား၊ အကျဉ်းသူ ၅၁ ဦးလွှတ်ပေး

ကျောက်ဖြူ      ဩဂုတ် ၁

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့် အမှတ်(၅၁/၂၀၂၃)အရ အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူ ၇၇၄၉ ဦးတို့ကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်ရာ ရခိုင်ပြည်နယ်၊ ကျောက်ဖြူအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/ အကျဉ်းသူ ၅၁ ဦးအား နိုင်ငံတော်လွတ်ငြိမ်းသက်သာခွင့်အရ လွှတ်ပေးသည့်အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက အဆိုပါ အကျဉ်းထောင်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ လွတ်ငြိမ်းသက်သာခွင့်အရ လွှတ်ပေးသည့်အခမ်းအနားတွင် ကျောက်ဖြူခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲလင်းမောင်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး  ဒုတိယရဲမှူးကြီး နေထွန်းလင်းတို့က လွတ်မြောက်လာသည့် အကျဉ်းသား/သူများကို ဆုံးမဩဝါဒစကားပြောကြားသည်။ ထို့နောက် အကျဉ်းဦးစီးဌာန၊ ကျောက်ဖြူအကျဉ်းထောင် တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဦးမှ လွတ်ငြိမ်းချမ်းသာခွင့်အရ အကျဉ်းသားများလွှတ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး တာဝန်ရှိသူများက လွတ်ငြိမ်းချမ်းသာခွင့်ရရှိသူများဖြစ်သည့် တိုင်းရင်းသား အကျဉ်သား (၃၁) ဦး၊ တိုင်းရင်းသားအကျဉ်းသူ (၂) ဦး၊ ဘင်္ဂါလီအကျဉ်းသား (၁၆)ဦး၊ ဘင်္ဂါလီအကျဉ်းသူ (၂) ဦး စသည့် စုစုပေါင်း အကျဉ်းသား/ အကျဉ်းသူ (၅၁)ဦးအား လွတ်လက်မှတ်၊ စားစရိတ်၊ ခရီးစရိတ်များနှင့် ဆေးထောက်ခံစာများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း (ပြန်/ဆက်)